DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ကို အလိုမရှိကြောင်း ဒေသခံအချို့ဆန္ဒပြ
DVB
·
January 24, 2026
ပုလဲမြို့နယ်တွင် ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ကို အလိုမရှိကြောင်း ဒေသခံအချို့ဆန္ဒပြ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် - BNRA ကို  အလိုမရှိကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ဒေသခံတချို့က ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ပုလဲဒေသခံတွေက ဗိုလ်နဂါးရဲ့ BNRA ကို အလိုမရှိဘူး၊ NUG ကို ထောက်ခံတယ်ဆိုပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါ” လို့ ပြောပါတယ်။

ဆန္ဒပြပွဲအတွင်းပါဝင်ကြသူတွေဟာ BNRA အလိုမရှိ၊ NUG ဖြိုခွဲမဲ့အကြံ ဒို့လက်မခံ၊ NUG သာလျှင် ဒို့အစိုးရ၊ PDF သာလျှင် ဒို့တပ်မတော်ပါ စာသားတွေပါတဲ့ စာရွက်တွေကိုင်ဆောင်ပြီး အော်ဟစ်ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲကိုရောက်ရှိခဲ့သူတယောက်က “လူထုကြားမှာတော့ ကွဲလွဲမှုတွေရှိတာပေါ့နော်။ ကျနော်တို့ သိရသလောက်တော့ ပုလဲနယ် ပကဖ၊ ပကဖတွေက အဲဒီဆန္ဒပြပွဲကို ဇွတ်အတင်းစီစဉ်ပြီးတော့ ပြည်သူတွေကို အဲဒီဆန္ဒပြပွဲမလိုက်ရင် ဒဏ်ငွေပေးရမယ်ဆိုပြီး ဖိအားပေးပြီးခေါ်လာတယ်။ တချို့ပြည်သူတွေနဲ့ စာသင်ကျောင်းတွေက ကျောင်းသားတွေကိုလည်း ဘာမှကြိုမပြောမထားဘဲ ပကဖ နဲ့ ပအဖ အဖွဲ့ဝင်တွေက ဇွတ်ခေါ်လာပြီးတော့ လူစုတဲ့နေရာရောက်မှ အသင့်ပါလာတဲ့ ပုံးတွေထဲက စာရွက်တွေထုတ်ပေးပြီး ဆန္ဒပြခိုင်းတာ။ ရောက်လာကြတဲ့ တချို့ပြည်သူတွေကလည်း BNRA ကို အလိုမရှိတဲ့ ဆန္ဒပြပွဲဆိုတာသိပြီးတော့ ဆန္ဒမပြဘဲလှည့်ပြန်ကြတဲ့သူတွေလည်းရှိတယ်။ ကျန်နေခဲ့ပြီး ဆန္ဒပြကြတဲ့ အင်အားကတော့ သေချာမသိဘူးဗျ” လို့ DVB ကို ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲနဲ့ပတ်သက်ပြီး ပုလဲမြို့နယ် ပကဖ နဲ့ ပအဖ တွေဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးဘဲ BNRA ကတော့ ‘မနေ့က ကျွန်တော်တို့၏ တပ်ဖွဲ့ဝင်များအား ဆန္ဒပြရန် ဒေသခံပြည်သူများအား အာဏာဖြင့် ဖိအားပေးနေကြောင်း သတင်းရရှိခဲ့ပါသည်။ အဆိုပါ သတင်းအချက်အလက်၏ မှန်ကန်မှုကို အတည်ပြုရန်အတွက် မြေပြင်သို့ တာဝန်ခံတစ်ဦးကို စေလွှတ်၍ စုံစမ်းစစ်ဆေးခဲ့ကြောင်းကို မှတ်တမ်းတင်ရန် မျှဝေပါသည်’ လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA စစ်ဆေးရေးဂိတ် ၂ ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ကြသလို ဇန်နဝါရီ ၁၇ ရက်မှာလည်း ပုလဲမြို့နယ်ထဲက NUG အကောက်ခွန်ဂိတ်တခုကို BNRA ဘက်က ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013