
TikTok ဝယ်ယူရာမှာ အကူအညီပေးခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
တရုတ်ကုမ္ပဏီဖြစ်တဲ့ ByteDance ဆီက TikTok ကို ဝယ်ယူတဲ့နေရာမှာ အမေရိကန်နိုင်ငံအတွက် app အသစ်ခွဲထုတ်ပြီး ရယူဖို့ နောက်ဆုံးသဘောတူညီမှု ရခဲ့ပြီလို့ ထရမ့်ပ်က ပြောပါတယ်။
ဒီလိုခွဲထုတ်မှုက အမေရိကန်ဒေတာအချက်အလက်တွေကို လုံခြုံမှုရှိစေမှာဖြစ်ကာ အမေရိကန်ကနေ TikTok အသုံးပြုသူ သန်း ၂၀၀ ကျော်အတွက်လည်း ban ရတဲ့ စာရင်းကနေ ရှောင်လွှဲနိုင်မှာ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
TikTok ကို ဝယ်ယူမှုဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲတုန်းက လူငယ်တွေကို ပေးခဲ့တဲ့ ကတိကဝတ်အတွက် တာဝန်ရှိတယ်လို့လည်း ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
Truth ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြမှု နောက်ဆုံးမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကျေးဇူးတင်တဲ့အကြောင်းအရာနဲ့ ထရမ့်ပ်က အဆုံးသတ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လကတည်းက နိုင်ငံလုံခြုံရေးနဲ့ပတ်သက်လို့ TikTok ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့မှု အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ်အစိုးရတို့ဟာ TikTok ကို ရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ရိုက်တာကို ပြောဆိုထားပါတယ်။
ဒါပေမဲ့ တရုတ်သံရုံးဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ဒီသဘောတူညီမှုအရ အမေရိကန်နဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေက ၈၀ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပြီး ByteDance က ၁၉ ဒသမ ၉ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပါတယ်။
TikTok ကို cloud ကွန်ပျူတာလုပ်ငန်းကြီးဖြစ်တဲ့ Oracle၊ Silver Lake နဲ့ အဘူဒါဘီ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း MGX စတဲ့ အမေရိကန်လုပ်ငန်း ၃ ခုက ပူးတွဲ တာဝန်ယူသွားမှာဖြစ်ပြီး တယောက်ကို ရှယ်ယာ ၁၅ ရာခိုင်နှုန်းဆီ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
Source:Reuters










