DVB Logo
Home
မြန်မာသတင်း
နာမည်ကြီးဘရန်းတံဆိပ်ချုပ်သည့် စက်ရုံများ၌ အလုပ်သမားအခွင့်ရေးချိုးဖောက်မှု ပိုဆိုးလာ
DVB
·
January 22, 2026
နာမည်ကြီးဘရန်းတံဆိပ်ချုပ်သည့် စက်ရုံများ၌ အလုပ်သမားအခွင့်ရေးချိုးဖောက်မှု ပိုဆိုးလာ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတကာကုန်အမှတ်တံဆိပ် (ဘရန်း) တွေ ချုပ်လုပ်တဲ့ စက်ရုံတွေက စက်ရုံအလုပ်သမားတွေပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်တာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ ပိုမိုကျူးလွန်နေကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းအများစုက နိုင်ငံတကာကုန်အမှတ်တံဆိပ် (ဘရန်း) တွေ ချုပ်လုပ်နေတာဖြစ်လို့ စက်ရုံတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေက ဘရန်းတွေဆီ တိုက်ရိုက်သက်ရောက်နေတာဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်- IWFM ရဲ့ တာဝန်ရှိသူ မစန်းစန်းက ပြောပါတယ်၊

“အလုပ်သမားတွေက အလုပ်လုပ်ပြီးတော့ လုပ်ခလစာအပြည့်အဝမရတာတွေ၊ အချိန်ပို အိုတီတွေ all night, all day တွေ ဆင်းရတာတွေ ဒါတွေအများကြီးပဲပေါ့၊ သူတို့ပေးနိုင်တာထက် ချုပ်လုပ် လုပ်ကိုင်နေရတဲ့ အခြေအနေတွေလည်း ရှိတယ်၊ ဒီလိုကေ့စ်တွေဆို ကျမတို့အဖွဲ့တွေဆီကို အများကြီး တက်တယ်ပေါ့။ ဒီကေ့စ်တွေပြန်ကြည့်ရင် ဘရန်းတွေချုပ်လုပ်တဲ့ စက်ရုံတွေက အများဆုံးဖြစ်တယ်။ နံပါတ်တစ်ကတော့ တကယ်အလုပ်သမားတွေရဲ့ ကိစ္စအဝဝကို နားလည်ပြီးမှ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂတွေ မရှိတာလည်း တခု၊ နောက်တခုက ဥပဒေ စိုးမိုးမှုမရှိတာလည်း တခု၊ နောက် အလုပ်ရှင်ပြောရင် အလုပ်သမားရုံးတွေ ကိုယ်တိုင်ကိုက အလုပ်ရှင်တွေကို ပြန်ပြီးမပြောရဲတဲ့ ကိစ္စတွေလည်းရှိတာပေါ့။”

စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာတော့ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုး ဖောက်မှုတွေက ဆက်တိုက်ရှိနေဦးမှာပဲဖြစ်ပြီး ဒီမိုကရေစီရရှိပြီး တရားဥပဒေစိုးမိုးမှသာ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုနိုင်မှာ ဖြစ်ကြောင်း ဖြည့်ပြောပါတယ်။

အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တိုင်ကြားတဲ့အခါ တရားမျှတမှု မရနိုင်တဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်တဲ့ တဆင့်ခံ ပွဲစားအေဂျင်စီဆီကနေ အလုပ်သမား ငှားရမ်းခန့်အပ်နေတဲ့ ကိစ္စလည်း ပါဝင်နေပါတယ်။ 

အလုပ်ရှင် အလုပ်သမားကြား အငြင်းပွားမှုတွေ ပေါ်ပေါက်လာတဲ့အခါ အလုပ်ရှင်က တိုက်ရိုက် ခန့်အပ်ထားတဲ့ ဝန်ထမ်းမဟုတ်တဲ့အတွက် အလုပ်သမားအဖွဲ့အစည်း ဥပဒေတွေကို လက်တလုံး ခြားလုပ်တာ၊ ညှိနှိုင်းမှုတွေ မလုပ်ဆောင်ပေးကြောင်း မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မူ လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ထုတ်ပြန်ထားပါတယ်။

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်က “အပြည်ပြည်ဆိုင်ရာ လူသိများထင်ရှားတဲ့ ကုန်အမှတ်တံဆိပ်တွေ၊ ဘရန်းတွေက ဒီလိုကိစ္စရပ်တွေသည် အလုပ်သမား အဖွဲ့အစည်း ဥပဒေ နည်းဥပဒေတွေနဲ့ မညီညွတ်ဘူးဆိုတာကို အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။ ဒီကိစ္စရပ်တွေက အခုမှဖြစ်လာတာ တော့မဟုတ်ဘူး၊ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲ တွေနောက်မှာ ပိုပြီး ဆိုးဝါးလာတာဖြစ်ပါတယ်။ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေရဲ့ အခန်းကဏ္ဍက အကန့်အသတ်နဲ့  စိတ်ခေါ်မှုအခက်အခဲတွေ အများကြီး ရှိနေတဲ့အချိန်မှာ ဘရန်းတွေ က ကျင့်သုံးလာတာဖြစ်ပါတယ်။ ထိန်းကျောင်းဖို့ တာဝန်ရှိဆုံးကတော့ အလုပ်သမားဝန်ကြီးဌာန ဖြစ်ပါတယ်။ ကျနော်တို့ MICS အနေနဲ့ကတော့အခုလို ဥပဒေနဲ့မညီညွတ်ဘဲ တိုက်ရိုက် အလုပ်ခန့် ထားတာမဟုတ်ဘဲ တဆင့်ခံပွဲစား အေးဂျင်စီတွေနဲ့ လုပ်နေတဲ့ ကိစ္စတွေနဲ့ စပ်လျဉ်းပြီးတော့ အဲဒီလုပ်ရပ်တွေ လုပ်နေတဲ့ ဘရန်းတွေနဲ့ တွေ့ဆုံဖြေရှင်းသွားဖို့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၆၆၅ ခု အထိ ရှိခဲ့ပါတယ်။ 

နစ်နာခဲ့ရတဲ့ အလုပ်သမားတွေဟာ နာမည်ကြီး ကုန်ပစ္စည်း အမှတ်တံဆိပ်တွေဖြစ်တဲ့ Inditex၊ H&M Group၊ Primark နဲ့ BESTSELLER တို့ အပါအဝင် နိုင်ငံတကာဖက်ရှင် အမှတ်တံဆိပ်နဲ့ လက်လီရောင်းချသူတို့ရဲ့ စက်ရုံပေါင်း ၃၀၄ ခုမှာ လုပ်ကိုင်နေကြသူဖြစ်တယ်လို့ ယူကေနိုင်ငံအခြေစိုက် နိုင်ငံတကာ အလုပ်သမားအခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Business & Human Rights Resource Centre (BHRRC)  ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ထိထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013