DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စစ်တပ်က ရေနံတင်သင်္ဘော ၁ စင်းကို ထပ်မံဖမ်းဆီး
DVB
·
January 22, 2026
အမေရိကန်စစ်တပ်က ရေနံတင်သင်္ဘော ၁ စင်းကို ထပ်မံဖမ်းဆီး
Donate to DVB

အမေရိကန်စစ်တပ်ဟာ ကာရစ်ဘီယံရေပြင်မှာ ဗင်နီဇွဲလားနဲ့ဆက်စပ်နေတဲ့ ရေနံတင်သင်္ဘော တစင်းကို ဇန်နဝါရီ ၂၀ ရက်မှာ ဖမ်းဆီးလိုက်ပြီး ဒါဟာ ဗင်နီဇွဲလားရဲ့ ရေနံစီးဆင်းမှုကို ထိန်းချုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လနဲ့ချီ လှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း ၇ ကြိမ်မြောက် ဖမ်းဆီးမှု ဖြစ်ပါတယ်။ 

ကာရစ်ဘီယံဒေသရှိ စစ်သင်္ဘော တဒါဇင်နီးပါးနဲ့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ကြီးကြပ်နေတဲ့ အမေရိကန်စစ်တပ်ရဲ့ တောင်ပိုင်းကွပ်ကဲရေးဌာနက ဆာဂျိတာ သင်္ဘောကို “ဘာထိခိုက်မှုမှ မရှိဘဲ” ဖမ်းဆီးခဲ့ကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပြီး ဖမ်းဆီးမှု ဗီဒီယိုကိုလည်း တောင်ပိုင်းကွပ်ကဲရေးဌာနရဲ့ X အကောင့်မှာ မျှဝေထားပါတယ်။

“ကာရစ်ဘီယံပင်လယ်အတွင်း ပိတ်ဆို့ အရေးယူထားတဲ့ သင်္ဘောတွေအပေါ် သမ္မတထရမ့်ပ် သတ်မှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက်ကို ဖီဆန်တဲ့ တခြားဆီတင်သင်္ဘောတစီးကို ဖမ်းဆီး ရမိတာဟာ ဗင်နီဇွဲလားကနေ ထွက်ခွာသွားတဲ့ ရေနံတွေက စနစ်တကျ ဥပဒေနဲ့အညီ တရားဝင် ညှိနှိုင်းဆောင်ရွက်ထားတဲ့ ရေနံတွေပဲ ဖြစ်စေရမယ်ဆိုတဲ့  ကျွန်ုပ်တို့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ပြသနေတာဖြစ်တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ရာထူးကနေ ဖယ်ရှားလိုက်ပြီးချိန်ကတည်းက ထရမ့်ပ် က အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အကန့်အသတ်မရှိ ထိန်းချုပ်ဖို့ စီစဉ်ထားပြီး နိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ ရေနံလုပ်ငန်းကို ဒေါ်လာ ၁၀၀ ဘီလီယံ စီမံကိန်းနဲ့ ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။ 

အရင်က ကြားဖြတ်ဖမ်းဆီးရမိခဲ့တဲ့ သင်္ဘောတွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ သင်္ဘောတွေအပြင် အဓိကပိတ်ဆို့အရေးယူခံထားရတဲ့ ထုတ်လုပ်သူတွေဖြစ်တဲ့ အီရန်၊ ရုရှား ဒါမှမဟုတ် ဗင်နီဇွဲလားတို့မှ ရေနံတွေကို သယ်ယူပို့ဆောင်ဖို့ သူတို့ရဲ့ မူလဇာစ်မြစ်ကို ဖုံးကွယ်ထားကြတဲ့  ပြောက်ကျားရေယာဉ်အုပ်စုထဲမှာ ပါဝင်တဲ့ သင်္ဘောတွေလည်း ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013