
လာမဲ့နှစ် ပါတီညီလာခံမတိုင်မီ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကွန်မြူနစ်ပါတီတွင်း စည်းကမ်းပိုင်း ပိုတင်းကျပ်ဖို့ ကြိုးပမ်းနေပါတယ်။
အောက်တိုဘာ ၂၆ ရက်က ပေကျင်းမြို့မှာ စတင်ခဲ့တဲ့ ပါတီဗဟိုကော်မတီ ငါးကြိမ်မြောက် စုံညီ အစည်းအဝေးကို ပါတီဗဟိုကော်မတီဝင် ၃၀၀ ခန့် တက်ရောက်နေပါတယ်။
စုံညီအစည်းအဝေးဆိုတာ ပါတီဗဟိုကော်မတီရဲ့ တံခါးပိတ်အစည်းအဝေးဖြစ်ပြီး တနှစ်မှာ အနည်းဆုံး တကြိမ် ကျင်းပလေ့ရှိပါတယ်။
ဗဟိုကော်မတီရဲ့ ငါးနှစ်သက်တမ်းတခုမှာ ခုနစ်ကြိမ်ခန့် ကျင်းပလေ့ရှိပြီး ပါတီခေါင်းဆောင်တွေရဲ့ ဦးစားပေးမူဝါဒတွေကို အရိပ်အမြွက် သိနိုင်ပါတယ်။
အခုအစည်းအဝေးမှာ ရှီက ပါတီကို ပိုတင်းကျပ်စွာ စီမံခန့်ခွဲရေး မဟာဗျူဟာမူကြမ်းတစောင် တင်ပြခဲ့ပါတယ်။
အဓိကရည်ရွယ်ချက်က အဂတိလိုက်စားမှု လျှော့ချဖို့နဲ့ ပါတီအရာရှိတွေရဲ့ လုပ်ရည်ကိုင်ရည်၊ သစ္စာခံမှု ပိုအားကောင်းစေဖို့ ဖြစ်ပါတယ်။
ဗဟိုရဲ့ ညွှန်ကြားချက်တွေကို အပေါ်ယံသာ လိုက်နာပြီး လက်တွေ့မှာ ဆန့်ကျင်နေတဲ့ အရာရှိ တွေကိုလည်း ရှီက “မျက်နှာနှစ်ဖက်ရှိသူတွေ” လို့ ဝေဖန်ထားပါတယ်။
ရှီရဲ့ ၁၄ နှစ်ကြာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြောင့် ပါတီအရာရှိ ထောင်ပေါင်းများစွာ ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။
စစ်ဘက်မှာလည်း ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ၇ ယောက်ထဲက ၅ ယောက် ရာထူးက ဖယ်ရှားခံ ထားရပါတယ်။
အောက်တိုဘာ ၂၉ ရက်မှာ ပြီးဆုံးမဲ့ ဒီအစည်းအဝေးဟာ ၂၀၂၇ ခုနှစ် ပါတီညီလာခံမတိုင်မီ ကျင်းပတာဖြစ်ပြီး အဲဒီညီလာခံမှာ ရှီဟာ သမိုင်းဝင် သမ္မတစတုတ္ထသက်တမ်း ဆက်ရယူနိုင်ခြေ များသလို ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေလည်း ရှိလာဖို့ မျှော်လင့်ထားကြပါတယ်။
Source: Reuters











