
ချီလီနိုင်ငံမှာ လူပေါင်း ၁၉ ယောက်သေဆုံးခဲ့တဲ့ တောမီးအရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်မှာ ချီလီသမ္မတ ဂါဘရီးယဲလ် ဘိုးရစ်ခ်နဲ့ ရွေးကောက်ခံ သမ္မတ ဟိုဆယန်တိုနီယိုကာ့စ်ထ်တို့ ဆန်တီယာဂိုရှိ လာမိုနေးဒါ သမ္မတအိမ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ညူးဘလေနဲ့ ဘီယိုဘီယိုဒေသ တောမီးကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးကြောင်း သမ္မတဘိုရစ်က အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ အတည်ပြုခဲ့ပြီး ဘေးသင့် ပျက်စီးသွားတဲ့ နေအိမ် အရေအတွက်မှာ သိသိသာသာ မြင့်တက်လာဖွယ်ရှိကြောင်း သတိပေးခဲ့ပါတယ်။
သေဆုံးသူ အများစုမှာ ဒေသဆိုင်ရာမြို့တော် ကွန်ဆက်ပ်စီယိုရဲ့ မြောက်ဘက်ရှိ ကမ်းရိုးတန်းမြို့ငယ်လေး ဖန်ကိုးမှာ ဖြစ်ပါတယ်။ နောက်ထပ်ထိခိုက်ခံရတဲ့ဒေသတခုကတော့ ဘီယိုဘီယိုမှာပင်ရှိတဲ့ လီယာကိန်း ဖြစ်ပါတယ်။
မီးသတ်သမားတွေဟာ ညူးဘလေနဲ့ ဘီယိုဘီယိုဒေသတွေမှာ အဓိကဖြစ်ပွားနေတဲ့ အကြီးဆုံးမီးလောင်မှုတွေ အပါအဝင် နိုင်ငံတဝန်းရှိ တောမီး ၃၄ ခုကို ငြှိမ်းသတ်နေရကြောင်း ချီလီနိုင်ငံရဲ့ CONAF သစ်တောအေဂျင်စီက တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။
တနင်္လာနေ့အထိ ဘီယိုဘီယိုဒေသမှာ မီးလောင်မှု ၃ ခုဟာ အနီရောင်သတိပေးချက်အောက်မှာ ရှိနေပြီး ဟက်တာ ၂၃,၃၄၀ လောက် ပျံ့နှံ့နေကြောင်း X မှာ ပြောထားပါတယ်။
အစိုးရက အစုလိုက်အပြုံလိုက် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး အပူပြင်းပြင်းနဲ့ လေပြင်းတွေကြောင့် ပိုမိုဆိုးရွားလာတဲ့ မီးလောင်ကျွမ်းမှု ၂ ဒါဇင်နီးပါးကို ငြှိမ်းသတ်ခဲ့ပါတယ်။
နေအိမ် ၃၂၅ လုံး ပျက်စီးခဲ့ပြီး နောက်ထပ် ၁,၁၀၀ လုံးကိုလည်း အကဲဖြတ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ရာသီဥတုအခြေအနေဟာ ညတွင်းချင်း မီးတချို့ကို ထိန်းချုပ်ဖို့ ကူညီပေးခဲ့ပေမဲ့ အကြီးဆုံးမီး တွေက ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပြီး တနေ့လုံးဆိုရင် ဆိုးရွားတဲ့အခြေအနေတွေ ရှိလာနိုင်ကြောင်း လုံခြုံရေးဝန်ကြီး လူးဝိစ်ကော်ဒယ်ရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ချီလီအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတချို့ဟာ အပူချိန်လွန်ကဲမှု သတိပေးချက်တွေ အောက်မှာရှိနေပြီး အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ် (၉၉ ဒီဂရီ ဖာရင်ဟိုက်) အထိရောက်ရှိနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
ချီလီနဲ့ အာဂျင်တီးနား ၂ နိုင်ငံစလုံးဟာ ဇန်နဝါရီလအထိ အပူလှိုင်းတွေ ဆက်လက် ဖြစ်ပေါ်နေခြင်းဖြင့် နှစ်သစ်ကို စတင်ခဲ့ကြပါတယ်။ အခုလအစောပိုင်းမှာ အာဂျင်တီးနားနိုင်ငံ ပါတာဂိုးနီးယားမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး ဟက်တာ ၁၅,၀၀၀ လောက် လောင်ကျွမ်းခဲ့ပါတယ်။
Source:Reuters










