DVB Logo
Home
Lead Story
မြန်မာငလျင်ကြောင့် အိုးအိမ် ပျက်စီးဆုံးရှုံးမှုနှင့် ဘဏ္ဍာရေးသက်ရောက်မှု ကနဦး ဆန်းစစ်ချက်
DVB
·
April 2, 2025
မြန်မာငလျင်ကြောင့် အိုးအိမ် ပျက်စီးဆုံးရှုံးမှုနှင့် ဘဏ္ဍာရေးသက်ရောက်မှု ကနဦး ဆန်းစစ်ချက်
Donate to DVB

မတ်လ  ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ အဆိုးဆုံး ငလျင်ကြီးကြောင့် အသက်အိုးအိမ်တွေ ဘယ်လောက်ထိခိုက်ခဲ့သလဲ၊ ငွေကြေးအရ ဆုံးရှုံးမှု ဘယ်လောက်ထိရှိနိုင်သလဲ ဆိုတာ အချက်အလက်တွေအပေါ် မူတည်ပြီး ကနဦးခန့်မှန်းတွက်ချက်မှု ဖော်ပြပေးတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ လူဦးရေ ၂၈ သန်းလောက် နေထိုင်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတွေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေတွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ငလျင် ဆိုးဆိုးရွားရွားလှုပ်ခတ်မှုကို ခံရတာက ၂,၈၆၆,၀၀၀ ဦးလို့ အမေရိကန် ဘူမိတိုင်းတာရေး USGS က တွက်ချက်ခန့်မှန်းပါတယ်။ Modified Mercalli Intensity လို့ခေါ်တဲ့ ငလျင်သက်ရောက်မှု ပြင်းထန်တဲ့ပမာဏ တွက်ချက်တဲ့စနစ်မှာ အင်မတန်ပြင်းထန်ပြီး အဆောက်အအုံတွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်စေတဲ့ အဆင့် ၉ အထိ ခံစားခဲ့ရသူ အရေအတွက် ဖြစ်ပါတယ်။ ငလျင်ဒဏ် ခံစားရတဲ့နေရာအကုန်လုံး ခြုံတွက်ရင်တော့ လူ ၁၀,၁၉၀,၀၀၀ (၁၀ သန်းကျော်) အထိ ရှိမယ်လို့ ခန့်မှန်းပါတယ်။

(ငလျင်ဗဟိုချက်နှင့် ထိခိုက်ခံရသော ဒေသများပြ မြေပုံ - စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းနှင့် နေပြည်တော်။)

● ငလျင်ဆိုးဆိုးရွားရွားလှုပ်ခတ်မှုဒဏ်ခံရသူ ၂,၈၆၆,၀၀၀ ဦး  (USGS ခန့်မှန်း)

● သက်ရောက်မှု အနိမ့်ဆုံးခန့်မှန်းချက်: အိမ်ထောင်စု ၃၀၄,၅၄၅ စု (၅၀ ရာခိုင်နှုန်း)

● အမြင့်ဆုံးခန့်မှန်းချက်: အိမ်ထောင်စု ၄၈၇,၂၃၂ စု (၈၀ ရာခိုင်နှုန်း)

ဒါကြောင့် အဆင့် ၉ ပြင်းထန်မှု ခံစားရတဲ့ဇုန်က လူဦးရေ ၂ ဒသမ ၈ သန်းကို မြန်မာနိုင်ငံရဲ့ ပျမ်းမျှ အိမ်ထောင်စုအရွယ်အစား ၄ ဒသမ ၄ ဦးနဲ့ စားလိုက်လို့ရှိရင် အိမ်ထောင်စု ၆၀၉,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒါကိုမှ မျက်မြင်တွေရဲ့ ပြောကြားချက်တွေ၊ တရားဝင် ခန့်မှန်းချက်တွေအရ အဆိုးဆုံးနေရာတွေမှာ ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလာက်အထိ ပျက်စီးတယ်လို့ ပြောနေကြတာနဲ့ တွက်ရင် အိမ်ထောင်စု ၃ သိန်းကနေ ၅ သိန်းအထိ သက်ရောက်မှုကြီးမယ်လို့ ခန့်မှန်းလို့ရပါတယ်။

ဒီအထဲမှာမှ အထူးတလည် ထပ်ပြောဖို့လိုတဲ့အချက်က စစ်ကိုင်းတိုင်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP) ၁ ဒသမ ၃ သန်း ရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်ရဲ့ သုံးပုံတပုံ နေထိုင်ရာဖြစ်ပါတယ်။ မန္တလေးကျတော့  ကုလသမဂ္ဂ စစ်တမ်းအရ IDP အရေအတွက်က  ၉၀,၀၀၀ ကျော်ပဲရှိပေမဲ့ စစ်ပွဲတွေနဲ့ မငြိမ်သက်မှုတွေကြောင့် မန္တလေးကို အပြီးပြောင်းလာတာ၊ အိမ်ငှားနေတာ၊ အမျိုးတွေဆီမှာ လာနေတာ၊ စတဲ့ စာရင်းမပေါက်တဲ့ ရွှေ့ပြောင်းအခြေချမှုဟာ ဒီထက်ပိုများနိုင်ပါတယ်။

အိမ်ပျက်စီးမှုကိန်းဂဏန်းများနှင့် ပတ်သက်သော ကွဲလွဲချက်

ဒီမှာ ကိန်းဂဏန်းတွေမှာ ကွဲလွဲချက်တွေ ရှိနေပါတယ်။ ကနဦး ခန့်မှန်းချက်တွေမှာ …

● စစ်ကောင်စီက မန္တလေးတိုင်းဒေသကြီးမှာ  အိမ် ၁,၅၉၁ လုံး ပျက်စီးတယ်လို့ ပြောပါတယ်။

● ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA): (မတ်လ ၂၉ ရက်အထိ) အဆောက်အအုံ ၁,၂၀၀ ကျော် ပျက်စီး။

● အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဆောက်အအုံ ၂,၉၀၀ ပျက်စီး။

● Copernicus EMS On-Demand Rapid Mapping မှာတော့ စစ်ကိုင်း၊ မန္တလေးမပါ နေရာ ၁၁ ခုကို ခန့်မှန်းကြည့်တာ အဆောက်အအုံ ၂,၃၇၁ ခု၊ လမ်း ၉ ဒသမ ၆ ကီလိုမီတာ ပျက်စီးတယ်လို့ ဖော်ပြပါတယ်။

Copernicus အချက်အလက်ဟာ မန္တလေးနဲ့ စစ်ကိုင်းမြို့ပေါ်တွေ မပါသေးဘဲ ငလျင်သက်ရောက်မှု ကြုံရတဲ့နေရာတွေ ဖြစ်ပါတယ်။ ပြဿနာရှိတာက တိုင်းတာတဲ့ မင်းကွန်း၊ မတ္တရာမြို့နယ် လမိုင်းရွာ စတဲ့နေရာတွေမှာ ပျက်စီးတာဟာ ငလျင်ကြောင့်မဟုတ်ဘဲ တိုက်ပွဲတွေကြားမှာ ဖျက်ဆီးခံခဲ့ရတာ မီးရှို့ခံခဲ့ရတာ ဖြစ်နေပါတယ်။ ဒါကြောင့် ငလျင်နဲ့ စစ်ပွဲနဲ့ ရောနေတာကြောင့် အချက်အလက် ရှုပ်ထွေးစေပါတယ်။ စစ်က တမျိုး၊ ငလျင်က တမျိုး နှစ်မျိုးစလုံးဟာ ပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်နေတာဖြစ်ပါတယ်။ အိမ်ထောင်စုနဲ့ ပြောမယ်ဆိုရင်တော့ တိုက်ခန်း ယူနစ်တွေနဲ့ အဆောက်အအုံတခုစီက  အိမ်ထောင်စုအရေအတွက်ကို ထည့်သွင်းတွက်ချက်ရင် အများကြီး ဖြစ်နိုင်ပါတယ်။

USGS PAGER စနစ်ရဲ့ ခန့်မှန်းချက်

●   ဒေါ်လာ သန်း ၁၀၀ ကနေ ၁ ဘီလီယံ ကြား ဆုံးရှုံးနိုင်ခြေ ၈ %

●   ဒေါ်လာ ၁-၁၀ ဘီလီယံကြား ဆုံးရှုံးနိုင်ခြေ ၂၅ %

●   ဒေါ်လာ ၁၀–၁၀၀ ဘီလီယံကြား ဆုံးရှုံးနိုင်ခြေ  ၃၅%

●   ဒေါ်လာ ၁၀၀ ဘီလီယံကျော်  ဆုံးရှုံးနိုင်ခြေ ၃၁%

ဘဏ္ဍာရေးထိခိုက်မှုကို ကြည့်မယ်ဆိုရင်တော့ လူနေအိမ်ခြေနဲ့ လုပ်ငန်းအဆောက်အအုံ၊ ပြင်ဆင်မှု၊ အခြေခံအဆောက်အအုံ ထိခိုက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြန်လည်မွမ်းမံတာနဲ့ သွယ်ဝိုက်စီးပွားရေး သက်ရောက်မှုတွေပါရှိနိုင်ပါတယ်။

USGSရဲ့ ကမ္ဘာ့ငလျင်တုံ့ပြန်မှု အကဲဖြတ်ချက်မှာတော့ ဒေါ်လာ ၁၀ ဘီလီယံနဲ့ ၁၀၀ ဘီလီယံကြား ဆုံးရှုံးနိုင်ခြေဟာ ၃၅ ရာခိုင်နှုန်းရှိ တယ်လို့မှန်းပါတယ်။  ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သွားနိုင်ခြေက ၃၁ ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုဆိုရင်တော့ မြန်မာ့ GDP ဒေါ်လာ ၆၄ ဒသမ ၂ ဘီလီယံထက်ကို များသွားမှာ ဖြစ်ပါတယ်။

ဒါက အဆိုးဆုံးအခြေအနေဖြစ်ပါတယ်။

အိုးအိမ် ပျက်စီးဆုံးရှုံးမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှု ခန့်မှန်းဇယား

လူနေနဲ့ စီးပွားဖြစ်အဆောက်အအုံ ပျက်စီးမှုကို အရင်ကြည့်ရင် အိမ်ထောင်စု ၃ သိန်းနဲ့ ၅ သန်းကြားလို့ ခန့်မှန်းတဲ့အတွက် တအိမ်ထောင်ကို ပြင်ဆင်စရိတ် ဒေါ်လာ ၅၀၀၀ နဲ့ ၁၀၀၀၀ ကြား (မြန်မာငွေ သိန်း ၂၀၀ ကနေ ၄၀၀ ကြား) ထားတွက်မယ်ဆိုရင် (ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကနေ ၅ ဘီလီယံအထိ) ရှိနိုင်ပါတယ်။ လုပ်ငန်းအဆောက်အအုံကတော့ ပျက်စီးတာ နည်းပေမဲ့ ပြင်ဆင်တည်ဆောက်စရိတ်က ပိုကြီးပြီးတော့ (ဒေါ်လာ တစ်သိန်း နဲ့ ငါး သိန်းကြား ( မြန်မာငွေ သိန်း ၄,၀၀၀ ကနေ သိန်း ၂၀၀,၀၀၀ ) လို့ မှန်းပါတယ်။

အခြေခံအဆောက်အအုံဖြစ်တဲ့ ဥပမာ စစ်ကိုင်းတံတား အသစ်၊ အဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ထိခိုက်သွားတဲ့ ဆည်၊ စတာတွေ ပြင်ဆင်စရိတ်ကလည်း ဒေါ်လာ ၁ ဘီလီယံလောက် ရှိနိုင်ပါတယ်။

ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်နဲ့ ဘုရားစေတီတွေ၊ မန္တလေးကျုံး၊  ဘုန်းတော်ကြီးကျောင်းတွေ၊ ဗလီတွေ ပြန်လည်မွမ်းမံတာ၊ တည်ဆောက်တာကလည်း ဒေါ်လာ သန်း ရာချီကုန်ကျနိုင်ပါတယ်။ သွယ်ဝိုက်စီးပွားရေး ကုန်ကျစရိတ်ဖြစ်တဲ့ ထောက်ပံ့ကွင်းဆက်ပျက်တာ၊ ကုန်ထုတ်လုပ်မှုကျတာ၊ သက်ရောက် ဧရိယာတွေမှာ စီးပွားရေး ထိခိုက်တာတွေဟာ တွက်လို့မရပေမဲ့ ငွေကြေးအရ ပိုထိခိုက်မှုရှိတဲ့ ကိစ္စဖြစ်ပါတယ်။

 "မြန်မာနှင့် အခြား ငလျင်ကြီးများ နှိုင်းယှဉ်ချက်"

တခြားနိုင်ငံတွေမှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးတွေနဲ့လည်း သမိုင်းကြောင်းအရ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အင်အား ၇ ဒသမ ၈ ရှိတဲ့ နီပေါ ငလျင်ဟာ သူနိုင်ငံ GDP ရဲ့ ၃၅ ရာခိုင်နှုန်း ဒေါ်လာ ၇ ဘီလီယံအထိ ဆုံးရှုံးပါတယ်။ ဟေတီမှာ  ၂၀၁၀ တုန်းက လှုပ်ခဲ့တဲ့ အင်အား ၇ ရှိတဲ့ ငလျင်ကြောင့် ဒါ်လာ ၈ ဘီလီဘံ  (သူ့နိုင်ငံ GDP ရဲ့ ၆၇ ရာခိုင်နှုန်း အထိ ဆုံးရှုံးတာတွေ့ရပါတယ်။)

မြန်မာ GDP နဲ့ ငလျင် ပြင်းထန်မှုကို ဒီနှစ်နိုင်ငံနဲ့ ယှဉ်ကြည့်ပြီးတော့ရော၊ ရှေ့မှာ ပြောခဲ့တဲ့   ခန့်မှန်းကုန်ကျစရိတ်တွေနဲ့ တွက်ကြည့်တဲ့အခါမှာရော၊ USGS ရဲ့ ခန့်မှန်းချက်နဲ့ ချိန်ထိုးကြည့်တဲ့အခါမှာရော  ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင် ရှိနိုင်မယ်လို့  ကနဦး ခန့်မှန်းနိုင်ပါတယ်။   ဒါဟာ မြန်မာနိုင်ငံရဲ့ နှစ်ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) ဒေါ်လာ ၆၄ ဒသမ ၂ ဘီလီယံရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ပြောလို့ရပါတယ်။

အခု  ရနိုင်တဲ့ အချက်အလက်တွေနဲ့ ခန့်မှန်းချက်တွေအပေါ် အခြေခံပြီးတော့ အကြမ်းဖျင်း တွက်ထား သာဖြစ်ပါတယ်။ အချက်အလက်တွေ ပိုမိုပြည့်ပြည့်စုံစုံ သိလာတဲ့အချိန်ကျရင် ပညာရှင်တွေရဲ့ တွက်ချက်မှုတွေ ထွက်ပေါ်လာရင်တော့  ပိုတိတိကျကျ ပြောလို့ရလာမှာ ဖြစ်ပါတယ်။ 

စိုင်းခေတ်နွေ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013