
မြောက်ကိုရီးယားက နယ်စပ်တလျှောက် စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်မယ်လို့ ခြိမ်းခြောက်လာပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အဲဒီခြိမ်းခြောက်မှုအတိုင်း မြောက်ကိုရီးယားက တကယ်လုပ်ဆောင်လာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားက အောက်တိုဘာ ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားဘက်က နယ်စပ်မှာ ထိုးစစ်ဆင် နည်းဗျူဟာမြောက် လက်နက်တွေ ထပ်မံတပ်ဆင်မယ်၊ တောင်ကိုရီးယားဘက်ကို ဦးတည်ပြီး အသံချဲ့စက်တွေနဲ့ ဝါဒဖြန့်တာတွေ ပြန်စတင်မယ်လို့ စစ်ရေးအရ ခြိမ်းခြောက်လာမှုအပေါ် အလွန်စိုးရိမ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်းဘစ်နာက “စစ်မဲ့ဇုန် နယ်နိမိတ်မျဉ်း (MDL) အနီးမှာ တောင်ကိုရီးယားစစ်တပ်က ပြုလုပ်တဲ့ သတိပေး ထုတ်လွှင့်ချက်တွေနဲ့ သတိပေး ပစ်ခတ်တာတွေဟာ မြောက်ကိုရီးယားစစ်သည်တွေ နယ်နိမိတ် ကျော်လွန်မလာအောင် တားဆီးဖို့နဲ့ ကျူးကျော်ဝင်ရောက်လာသူတွေကို ပြန်လည်ဆုတ်ခွာစေဖို့ စစ်ပွဲအပစ်ရပ် သဘောတူညီချက်နဲ့အညီ ဆောင်ရွက်တဲ့ တရားဝင် ကာကွယ်ရေး အရေးယူ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ချိုးဖောက်မှုတွေကိုလည်း မူအတိုင်းပဲ ဆက်လက်တုံ့ပြန်သွားမှာပါ။ ဒီလို တရားဝင် ဆောင်ရွက်ချက်တွေကို အကြောင်းပြပြီး မြောက်ကိုရီးယားဘက်က ထပ်ပြီး ရန်စလာမယ် ဆိုရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယားဘက်က ဒီလို သတိပေးလိုက်တာဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက နယ်စပ်ခိုင်မာအောင် လုပ်ဆောင်နေချိန်အတွင်း တောင်ကိုရီးယားစစ်တပ်က သတိပေး ပစ်ခတ်မှုတွေလုပ်ပြီး မြောက်ကိုရီးယားစစ်သည်တွေကို အန္တရာယ်ပြုနေပါတယ်လို့ စွပ်စွဲခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ခုလို တင်းမာမှုတွေ ရုတ်တရက် ပိုမိုမြင့်တက်လာပြီး အပြန်အလှန် ခြိမ်းခြောက်မှုတွေ လုပ်နေကြတာကြောင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ခြေ ရှိလာသလို တောင်ကိုရီးယား သမ္မတ အီဂျယ်မြောင် တာဝန်ယူလာပြီးနောက်ပိုင်း ရရှိထားတဲ့ သံတမန်ရေးရာ တိုးတက်မှုတွေကိုလည်း ထိခိုက်စေတာ ဖြစ်ပါတယ်။
Source: Reuters











