DVB Logo
Home
အားကစား
အာဖရိကဖလားဗိုလ်လုပွဲတွင် ရုပ်ရှင်ဆန်ဆန်အဖြစ်အပျက်များနှင့် ဆီနီဂေါအသင်း ချန်ပီယံဖြစ်
DVB
·
January 19, 2026
အာဖရိကဖလားဗိုလ်လုပွဲတွင် ရုပ်ရှင်ဆန်ဆန်အဖြစ်အပျက်များနှင့် ဆီနီဂေါအသင်း ချန်ပီယံဖြစ်
Donate to DVB

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အာဖရိကဖလား (AFCON) ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းဟာ ရုပ်ရှင်ဆန်ဆန် အဖြစ်အပျက်တွေနဲ့အတူ အိမ်ရှင်မော်ရိုကိုအသင်းကို အနိုင်ရပြီး ဒုတိယအကြိမ် ချန်ပီယံ ဆုဖလားရယူနိုင်ခဲ့ပါတယ်။

ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြီးလို့ ဒဏ်ရာရ အချိန်အပို ၅ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် တိုက်စစ်ဆင်လာတဲ့  မော်ရိုကို တိုက်စစ်ကစားသမားဒီယက်ဇ်ကို ဆီနီဂေါနောက်ခံလူ ဒီယွတ်ဖ်က ဆွဲလှဲခဲ့တယ်လို့ ဆိုကာ ကွန်ဂိုဒိုင်လူကြီးက VAR စစ်ဆေးပြီးနောက် ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒိုင်လူကြီးက VAR ကြည့်ရှုနေစဉ်အတွင်း တာဝန်ရှိသူတွေနဲ့ ကစားသမားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဆီနီဂေါကစားသမားတွေ ကွင်းပြင်ကို ထွက်ခွာချိန်မှာလည်း တကြိမ် ထပ်မံ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။

ဆီနီဂေါနည်းပြ ပါပေဘိုနာသီယောက ကစားသမားတွေကို ကွင်းထဲကနေထွက်ခွာဖို့ အမိန့်ပေးခဲ့ပေမဲ့ အသင်းရဲ့ အဓိကကစားသမား ဆာဒီယိုမာနေးက ကစားသမားတွေကို ကွင်းထဲ ပြန်လည်ဝင်ရောက်လာဖို့ ဖျောင်းဖျနားချခဲ့ရတာပါ။ 

ပုံမှန်ပွဲကစားချိန်အတွင်း ၁၄ မိနစ်လောက် ကြန့်ကြာခဲ့ပြီးနောက် ကစားသမားတွေ ကွင်းအတွင်း ပြန်လည်ဝင်ရောက်လာချိန်မှာ ဒီယက်ဇ်က ပင်နယ်တီကို ပါနန်ကာစတိုင်နဲ့ အသာအယာမတင် ကန်သွင်းယူဖို့ကြိုးစားခဲ့ပေမဲ့ ဆီနီဂေါဂိုးသမား အက်ဒူးဝပ်မန်ဒီက အလွယ်တကူ ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘရာဟမ်ဒီယက်ဇ်ဟာ အဖိုးတန်လှတဲ့ နောက်ဆုံးမိနစ် ပင်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။

အဲဒီနောက်ဂိုးမရှိသရေကျခဲ့လို့ အချိန်ပိုဆက် ကစားခဲ့ရာမှာ ပွဲချိန် ၉၄ မိနစ်မှာ ဆီနီဂေါ ကွင်းလယ်လူ ပါပေဂူယေးက အနိုင်ဂိုးသွင်းခဲ့ပြီး အဲဒီတလုံးတည်းသောဂိုးနဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ 

ရီးရဲမက်ဒရစ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်အတွက်တော့  ပင်နယ်တီဝင်အောင် ကန်သွင်းနိုင်ရင် ၁၉၇၆ နောက်ပိုင်း မော်ရိုကိုအတွက် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ရယူပေးနိုင်မှာဖြစ် ပေမဲ့ ဂိုးမဝင်ခဲ့လို့ ဆုဖလားလက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ 

ဆီနီဂေါအသင်းရဲ့ လုပ်ရပ်တွေဟာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ ပြိုင်ပွဲကြီးအပေါ် အမည်းစက်တခု ဖြစ်သွားစေနိုင်ပေမဲ့ မော်ရိုကိုအသင်းအတွက်တော့ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကမှ နောက်ဆုံးရရှိခဲ့ဖူးတဲ့ အာဖရိကဖလားမှာ ရလဒ်ဆိုးတွေ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။  

အခုနှစ်အာဖရိကဖလားဗိုလ်လုပွဲဟာ ပွဲပြီးခါနီးမှာ ရုပ်ရှင်ဆန်ဆန် အဖြစ်အပျက်တွေနဲ့အတူ နှစ်သင်းစလုံးနဲ့ ပြိုင်ပွဲသမိုင်းမှာ အမှတ်ရစရာပြိုင်ပွဲတခုအဖြစ် ကျန်ရစ်တော့မှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013