အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “Lake Ontario” ကို “Lake America” လို့ နာမည်ပြောင်းဖို့ အမိန့်ထုတ်အပြီးမှာ ကနေဒါနိုင်ငံ၊ အွန်တဲရီယိုပြည်နယ်ဘက်က ရေကန်ဘေးမှာ “Lake Ontario”လို့ ဧရာမ ဆိုင်းဘုတ် ထောင်လိုက်သလို Google Maps ကလည်း အမေရိကန်အသုံးပြုသူတွေအတွက် “Lake America” လို့ ပြောင်းလဲ ဖော်ပြလိုက်ပါတယ်။
ထရမ့်ပ်က ကနေဒါနဲ့ ကုန်သွယ်ရေး အငြင်းပွားမှု မြင့်တက်နေချိန် ဩဂုတ် ၂၇ ရက်မှာ ရေကန်နာမည်ပြောင်းမဲ့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ ဒီအမိန့်ဟာ အမေရိကန်ရဲ့ တရားဝင်မြေပုံနဲ့ နေရာအမည်စနစ်မှာပဲ သက်ရောက်ပြီး ကနေဒါဘက်က နာမည်သတ်မှတ်မှုကို မပြောင်းလဲနိုင်ပါဘူး။
Google က ဩဂုတ် ၂၉ ရက်မှာ အမေရိကန်အသုံးပြုသူတွေက “Lake America”၊ လို့ မြင်ရမှာဖြစ်ပြီး ကနေဒါမှာတော့ “Lake Ontario” လို့ ဆက်မြင်ရမယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ ကနေဒါပြင်ပက အသုံးပြုသူတွေကတော့ Lake Ontario (Lake America) နာမည် နှစ်မျိုးလုံးကို Google Maps မှာ မြင်တွေ့ရပါတယ်။
အွန်တဲရီယိုပြည်နယ်ဝန်ကြီးချုပ် ဒတ်ဂ်ဖို့ဒ်ကလည်း ဩဂုတ် ၂၉ ရက်မှာ “Lake Ontario: Now and Always” ဆိုတဲ့ ဧရာမဆိုင်းဘုတ်ကို ရေကန်ဘေးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဖို့ဒ်က “သမ္မတထရမ့်ပ် ဘယ်လိုပဲခေါ်ခေါ် ကျန်ကမ္ဘာကတော့ Lake Ontario လို့ပဲ အမြဲခေါ်နေမှာပါ” လို့ ပြောပါတယ်။
ဒီနာမည်အငြင်းပွားမှုဟာ အမေရိကန်က ကနေဒါကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဖိုးအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ချမှတ်ပြီး ကနေဒါကလည်း တန်ဖိုးတူ တုံ့ပြန်အခွန် ချမှတ်ဖို့ စီစဉ်နေချိန်မှာ ဖြစ်လာတာပါ။
Lake Ontario ဟာ ကနေဒါ အွန်တဲရီယိုပြည်နယ်နဲ့ အမေရိကန် နယူးယောက်ခ် ပြည်နယ်ကြားမှာရှိတဲ့ Great Lakes ၅ ခုထဲက အငယ်ဆုံးရေကန် ဖြစ်ပါတယ်။











