
စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်က စကမ လက်အောက်ခံတွေတပ်စွဲနေကြတဲ့ ကံတလူတိုးဂိတ်ကို ဇန်နဝါရီ ၁၅ ညမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဂိတ်အဆောက်အအုံတွေကို ဗုံးခွဲဖျက်ဆီးခဲ့ကြတယ်လို့ စစ်ကိုင်း PDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်း PDF (စစ်ကိုင်းစစ်ကြောင်း) နဲ့အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် စစ်ကိုင်းမြို့နယ် ပကဖ ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ စစ်ကိုင်း PDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“အဲ့ဒီဂိတ်မှာရှိတဲ့ စကမ လက်အောက်ခံတွေက ခရီးသွားပြည်သူတွေဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ငွေညစ်တာတွေကို နေ့စဥ်ရက်ဆက်လုပ်ဆောင်နေတာဖြစ်လို့ အခုလို တိုက်ခိုက်ဖျက်ဆီးခဲ့ကြတာဖြစ်တယ်။ ကျနော်တို့ဘက်က အပြင်းအထန်တိုက်ခိုက်တဲ့အချိန် အဲဒီမှာရှိနေကြတဲ့ ကောင်တွေအထိနာပြီး စစ်ကိုင်းမြို့ထဲကို တန်းဆုတ်ပြေးသွားကြတော့ ကျန်နေတဲ့ ဂိတ်အဆောက်အအုံတွေကို ဗုံးခွဲဖျက်ဆီးခဲ့ကြတာပါ။”
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကိုင်း PDF ဘက်က စစ်သည်ရဲမေတွေလည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကိုင်း PDF ဟာ Operation 677 ကို စတင်နေပြီး မိုးကုတ်-မိုးမိတ်ဒေသတွေမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ လက်အောက်ခံတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲတွေ ပူးတွဲဖော်ဆောင်နေကြတယ်လို့ သိရပါတယ်။











