
သြစတြေးလျနိုင်ငံမှာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ အသက် ၁၆ နှစ်အောက် လူငယ်တွေကို အွန်လိုင်းသုံးစွဲမှုစပိတ်ပြီး တလအကြာမှာ သြစတြေးလျ ဆယ်ကျော်သက်တွေရဲ့ အကောင့် ၅ သန်းနီးပါးကို စုပေါင်းပိတ်ပစ်ခဲ့ကြောင်း နိုင်ငံရဲ့အင်တာနက်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဇန်နဝါရီ ၁၆ ရက် မှာ ပြောပါတယ်။
ဒီအစီအမံဟာ လျင်မြန်ပြီး ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာ စတင်အသက်ဝင်ခဲ့တဲ့ဥပဒေနဲ့အညီ အွန်လိုင်းပလက်ဖောင်းတွေဟာ အသက် ၁၆ နှစ်အောက်တွေ ပိုင်ဆိုင်ထားတဲ့ အကောင့်ပေါင်း ၄ ဒသမ ၇ သန်းလောက်ကို အခုချိန်ထိ ဖယ်ရှားခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ထနီအယ်လ်ဘနီးစ်က ပြောပါတယ်။
ဒီကိန်းဂဏန်းတွေဟာ အစိုးရက ပထမဆုံး ထုတ်ပြန်တဲ့ လိုက်နာမှုဆိုင်ရာ အချက်အလက်တွေဖြစ်ပြီး လိုက်နာမှု မရှိတဲ့သူတွေအတွက် ဒဏ်ငွေ သြစတြေးလျဒေါ်လာ ၄၉ သန်းခွဲ (အမေရိကန်ဒေါ်လာ ၃၃သန်း) အထိ ချမှတ်နိုင်တဲ့ ဥပဒေကို လိုက်နာဖို့ ပလက်ဖောင်းတွေက သိသာထင်ရှားတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ ညွှန်ပြနေတာပါ။
ဒါပေမဲ့ ကလေး သို့မဟုတ် သူတို့ရဲ့မိဘတွေကို တာဝန်ယူခိုင်းတာ မဟုတ်ပါဘူး။ အကောင့်ပေါင်း ၅ သန်း နီးပါးရှိတဲ့ ဒီအရေအတွက်ဟာ ဥပဒေ မပြဋ္ဌာန်းခင်က လည်ပတ်နေခဲ့တဲ့ ခန့်မှန်းချက်တွေထက် သာလွန်နေပြီး လူဦးရေအချက်အလက်တွေအပေါ် အခြေခံကြည့်ရင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိ သြစတြေးလျ လူငယ်တယောက်စီမှာ အကောင့် ၂ ခုကျော်စီ ရှိနေတာနဲ့ ညီမျှပါတယ်။
Meta ကုမ္ပဏီဟာ သူ့ရဲ့ အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်နဲ့ ဿရက်ထ်စ် ပလက်ဖောင်းတွေကနေ အသက်မပြည့်သေးတဲ့ အကောင့်ပေါင်း ၅ သိန်းခွဲလောက်ကို ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း အရင်က ပြောကြားခဲ့ပါတယ်။
အစပိုင်း ပိတ်ပင်မှုလုပ်တုန်းက ပါဝင်ခဲ့တဲ့ ကုမ္ပဏီ အားလုံးကလည်း အဲဒီအမိန့်ကို လိုက်နာမယ်လို့ ပြောခဲ့ကြပါတယ်။
Source: Reuters










