
သြစတြေးလျနိုင်ငံမှာ ဆယ်ကျော်သက်တွေကို လူမှုမီဒီယာအသုံးပြုခွင့် ပိတ်ပင်မှု နီးကပ်လာတာနဲ့အမျှ လူငယ်တွေက အွန်လိုင်းပေါ်က သူတို့ရဲ့ ဘေးကင်းတဲ့နေရာတွေကနေ ဖြတ်တောက်ခံရတာဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများမှာကို စိုးရိမ်နေကြပါတယ်။
အစိုးရကတော့ နိုင်ငံရဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်အသုံးပြုမှုကို ကန့်သတ်တားမြစ်ဖို့ လုပ်ဆောင်နေတာပါ။
YouTube၊ TikTok၊ Snapchat နဲ့ Meta ရဲ့ Facebook၊ Instagram အပါအဝင် လူမှုကွန်ရက် ပလက်ဖောင်းတွေကို ဩစတြေးလျနိုင်ငံမှာ ဒီဇင်ဘာ ၁၀ ရက်ကစပြီး ပိတ်ပင်တဲ့အခါ အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်တွေ ပိုင်ဆိုင်ထားတဲ့ အကောင့် ၁ သန်းကျော်ကို ပိတ်သိမ်းဖို့ စီစဉ်ထားပါတယ်။
သုတေသနပြုချက်တွေအရ လူမှုမီဒီယာကို အလွန်အကျွံ သုံးတာဟာ အချက်အလက်မှားတွေ ဖြစ်ပေါ်စေပြီး အနိုင်ကျင့်တာနဲ့ ခန္ဓာကိုယ်ပုံရိပ်ကို အန္တရာယ်ရှိအောင် ပုံဖော်တာအပါအဝင် ဆယ်ကျော်သက်တွေကို ထိခိုက်စေတယ်လို့ ပြထားပါတယ်။
ဒါပေမယ့် သြစတြေးလျအစိုးရရဲ့ အစီအစဉ်မှာ မျက်ကွယ်ပြုထားတဲ့ အရာတခုရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လူမှုကွန်ရက်မီဒီယာတွေကို ပိတ်ဆို့တာဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ LGBTQIA+ အသိုက်အဝန်းလို လူနည်းစုအုပ်စုဝင် ဆယ်ကျော်သက်တွေအတွက်တော့ ပံ့ပိုးမှုကို ဖြတ်တောက်ရာ ရောက်တယ်လို့ သူတို့က ပြောပါတယ်။
LGBTQIA+ အသိုက်အဝန်းရဲ့ အဖွဲ့ဝင် တယောက်အဖြစ် ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တဲ့အခါ လူမှုမီဒီယာဟာ “အသက်ကယ်လမ်းကြောင်း” တခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာလောကမှာ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ လိင်တူချစ်သူတွေကို မုန်းတီးမှုကနေ လွတ်မြောက်ရာနေရာ တခုလည်း ဖြစ်ပါတယ်။
LGBT တယောက်က “ကျနော် တော်တော်လေး ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံခဲ့ရပါတယ်၊ ကျနော့်ကို အော်ဟစ် ဆဲဆိုကြတယ်၊ ပစ္စည်းတွေ ပစ်ပေါက်ကြတယ်” လို့ ပြောပါတယ်။
လူငယ်တယောက်ကလည်း “ကျနော့်ကို နားလည်ပေးတဲ့သူတွေ လိုအပ်တဲ့အခါ လူမှုမီဒီယာက ကျနော် သွားခဲ့တဲ့ နေရာပါ”လို့ လည်း ပြောပါတယ်။
အထီးကျန်မှာကို ကြောက်ရွံ့မှုဟာ ဘေးဖယ်ခံထားရတဲ့ အသိုက်အဝန်းက လူငယ်တွေအတွက်ပဲ မဟုတ်ပါဘူး။
Headspace အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် အမျိုးသားလူငယ် စိတ်ကျန်းမာရေး စစ်တမ်းမှာ ပါဝင်သူ ၃၇ ရာခိုင်နှုန်းက အထီးကျန်မှု တိုးလာမှာကို စိုးရိမ်ပူပန်ကြောင်း ပြောခဲ့လို့ ဒီအချက်ဟာ လူငယ်တွေကြားမှာ အဖြစ်အများဆုံး စိုးရိမ်မှုဖြစ်ခဲ့ပါတယ်။
ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းက လူမှုရေးခေတ်ရေစီးကြောင်းတွေနဲ့ စကားပြောဆိုမှုတွေကနေ ဖယ်ထုတ်ခံရသလို ခံစားရတယ်လို့ ပြောခဲ့ပါတယ်။
Source:Reuters










