
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်က ကျားဖောင်လုပ်သားတယောက် ကျားဖောင်ဦးစီးက ရိုက်နှက် နှိပ်စက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံးသွားသူမှာ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာဘက်က ကျားဖောင်တခုမှာ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာကနေ သွားရောက် အလုပ်လုပ်နေတဲ့ အသက် ၄၈ နှစ်အရွယ် ကျားဖောင်လုပ်သား ဦးဝင်းနိုင်ထွန်း ဆိုသူဖြစ်ပြီး ရိုက်နှက် နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ ဖျာပုံဆေးရုံမှာ ဇန်နဝါရီ ၁၂ ရက်က သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ကျားဖောင်ကနေ ဆေးရုံကို အရောက်မှာ သေဆုံးသွားတာ။ မိသားစုက ဆေးရုံရောက်မှ နေမကောင်းဖြစ်နေလို့ ဆေးရုံတင်ထားရတယ်လို့ အကြောင်းကြားလို့ သိရတယ်။ ဆေးရုံရောက်တော့ အသက်က ရှိတယ်ဆိုရုံပဲ။ သေဆုံးမှုကို ခွဲစိတ်ဆရာဝန်ကလည်း ရိုက်နှက် နှိပ်စက်တဲ့ ဒဏ်ရာတွေနဲ့ ဆုံးတာလို့ အဖြေထွက်ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ကျားဖောင်လုပ်သား ဦးဝင်းနိုင်ထွန်းဟာ နံရိုးကျိုး၊ မျက်လုံးရောင်ရမ်း တဖက်ပိတ်၊ အသားဖောရောင်၊ နားရွက်တဖက်ပြတ်၊ ရင်ဘတ်၊ ခြေသလုံး၊ ခြေဖဝါး၊ ရင်ဘတ် ထိုးသွင်းဒဏ်ရာ စတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ကျားဖောင်ဦးစီးကို စစ်ကောင်စီရဲတပ်ဖွဲ့က သံသယနဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကျားဖောင်ဦးစီးက ရိုက်နှက်တာတွေရှိတယ်လို့ ဝန်ခံထားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းနယ်မြေ ရဲစခန်းက ကျားဖောင်ဦးစီး အောင်ဇော်ဦး အပါအဝင် လူတချို့ကို ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျားဖောင်လုပ်ငန်းရှင် ကျော်ဝင်းသိန်း ဆိုသူက ကျားဖောင်ဦးစီး အောင်ဇော်ဦး ပြင်းထန်တဲ့ပြစ်ဒဏ် မကျခံရစေဖို့နဲ့ ကျားဖောင်လုပ်ငန်းတွေ မထိခိုက်စေဖို့အတွက် သေဆုံးသူရဲ့ မိသားစုတွေဆီ ငွေနဲ့ ညှိနှိုင်းတာတွေ လုပ်နေတဲ့အပြင် စစ်ကောင်စီ ရဲတပ်ဖွဲ့၊ မှုခင်းဆေးဆရာဝန်တို့ဆီကိုပါ ချဉ်းကပ်နေတယ်လို့ သိရပါတယ်။










