
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ တပ်ရင်းမှူးတွေက စစ်မှုထမ်းနှစ်ပြည့် လူငယ်တွေကို နေအိမ်ပြန်ခွင့်မပေးဘဲ ရှေ့တန်းစစ်မြေပြင်ကို ပြန်လွှတ်နေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၃၁ ရက်က စစ်မှုထမ်း ၂ နှစ်ပြည့်တဲ့ လူငယ် ၆ ယောက်ကို ဖျာပုံအခြေစိုက် ခလရ ၉၈ တပ်ရင်းမှူး မင်းမင်းသိန်း နဲ့ ဒုတပ်ရင်းမှူး ကျော်ခိုင်ဦးတို့က နေအိမ်ပြန်ခွင့်မပေးဘဲ ရှေ့တန်းစစ်မြေပြင် ပြန်ပို့ခဲ့တာလို့ သိရပါတယ်။
ဖျာပုံ ခရလ ၉၈ တပ်နဲ့ နီးစပ်သူတယောက်က “ခြိမ်းခြောက်ပြီး အိမ်ပြန်ခွင့်မပေးတာလို့ သိရပါတယ်။ အားလုံး ၆ ယောက်ပါ။ လူငယ် ၂ ယောက်ကဆို ပြန်ပြောဆိုတာကြောင့် ထိုးကြိတ်ခံရတဲ့အထိပါ ဖြစ်တာ” လို့ ပြောပါတယ်။
နှစ်ပြည့် စစ်မှုထမ်း လူငယ် ၆ ယောက်ဟာ စစ်မှုထမ်း အပတ်စဉ် ၂ က ၄ ယောက်နဲ့ အပတ်စဉ် ၃ က ၂ ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ လေးမျက်နှာဘက်က ရှေ့တန်းစစ်မြေပြင်ကို ပြန်ပို့ခံရတာလို့ သိရပါတယ်။
စစ်မှုထမ်း မိသားစုဝင်တယောက်က “အသက်ရှင်နေလည်း အကြောင်းမထူးတဲ့သဘောပဲ။ အိမ်ပြန်ခွင့်မှ မရတာ။ နှစ်ပြည့်လည်း ပြန်ခွင့်မပေးပါဘူး။ သွားစုံစမ်းလည်း အရေးတောင်မလုပ်ဘူး” လို့ ပြောပါတယ်။
ရှေ့တန်းပြန်ပို့ခံရတဲ့ စစ်မှုထမ်း နှစ်ပြည့်လူငယ် ၆ ယောက်ဟာ ဘိုကလေးမြို့နယ်နဲ့ ဖျာပုံမြို့နယ်ကနေ အဓမ္မဖမ်းဆီးစုဆောင်းခံရတဲ့ ကိုသက်ဝေ ဆိုသူ အပါအဝင် လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။










