DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစံချိန်တင် ကျဆင်း 
DVB
·
January 16, 2026
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစံချိန်တင် ကျဆင်း 
Donate to DVB

စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်မှု ဝင်ရောက်တဲ့ပမာဏဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ထက်တနှစ် ကျဆင်းလာပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၈ လ ဖြစ်တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၃၃ သန်းသာ ဝင်ရောက်ခဲ့ပါတယ်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၃၉ ဒသမ ၉ သန်း ဝင်ရောက်ခဲ့တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထက်ဝက်ခန့် လျော့ကျသွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အလားတူပဲ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ ၈ လအတွင်းမှာလည်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင် ဝင်ရောက်ခဲ့ပေမဲ့ အာဏာမသိမ်းခင်နှစ်တွေမှာတော့ ဘဏ္ဍာနှစ်တနှစ်ရဲ့ ပထမ ၈ လမှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ လောက် ဝင်ရောက်လေ့ရှိပါတယ်။

၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုအနက် ၆ ခုမှာ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့တဲ့ ကဏ္ဍတွေကတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၅ သန်း၊ စွမ်းအင်ကဏ္ဍမှာ ၃၅ ဒသမ ၃ သန်း၊ ရေနံနဲ့ ဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁ သန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၄၄ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၃ သန်းကျော် အသီးသီး ဝင်ရောက်ခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ စီးပွားရေးမူဝါဒဆိုင်ရာ မရေရာမှုတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဟန့်တားနေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏလျော့ကျလာသလို့ စီးပွားရေး တိုးတက်မှုလည်း ကျဆင်းလာပါတယ်။ အဲဒီကြားထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စီးပွား‌ရေးထိခိုက်မှု ပိုဆိုးလာခဲ့ပါတယ်။

ငလျင်အလွန်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြန်ကောင်းလာဖို့ အနည်းငယ်တိုးတက်မှု အလားအလာတွေ ပြလာပေမဲ့ ငလျင်ရဲ့ သက်ရောက်မှု၊ ပဋိပက္ခတွေ ဆက်ရှိနေမှု၊ ပြည်တွင်း ဝယ်လိုအား ကျဆင်းမှု၊ အလုပ်သမားရှားပါးမှု၊ လျှပ်စစ်ဓာတ်အားမကြာခဏပြတ်တောက်မှု စတာတွေကြောင့် အခက်အခဲ အတားအဆီး စိန်ခေါ်မှုကြီးကြီးမားမား ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၈ ရက်ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေး သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရင်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မတ်လ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ၂ ရာခိုင်နှုန်းသာ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ပြောင်းလဲ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013