DVB Logo
Home
မြန်မာသတင်း
ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ်များ ရှေ့တန်းတွင် သေဆုံးမှုများပြား
DVB
·
January 15, 2026
ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ်များ ရှေ့တန်းတွင် သေဆုံးမှုများပြား
Donate to DVB

စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး လပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ခံရတဲ့အတွက် စစ်မှုထမ်းတပ်သားသစ်တွေ သေဆုံးမှု ပိုများလာတယ်လို့ ပေါ်တာဆွဲခံရပြီး ရှေ့တန်းမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အချက်အလက်ကောက်ယူသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဒီနှစ် ဇန်နဝါရီလကစပြီး ပေါ်တာဆွဲတာတွေ ပိုတိုးလုပ်လာသလို ပေါ်တာဆွဲခံရသူတွေကို တလကြာ စစ်သင်တန်းပေးပြီး ရှေ့တန်းကို စေလွှတ်တဲ့အတွက် ရှေ့တန်းမှာ သေဆုံးတာတွေ ရှိနေတယ်လို့ ပေါ်တာဆွဲခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ အချက်အလက်ကောက်ယူသူတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် တက္ကသိုလ်ဒုတိယနှစ်နဲ့ ကျောင်းနားထားတဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်က ရွေးကောက်ပွဲကာလ နိုဝင်ဘာလကုန်ပိုင်းမှာ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တလအကြာမှာ ရှေ့တန်းကို ပို့ဆောင်လိုက်တဲ့အတွက် တိုက်ပွဲမှာ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းကို မိသားစုတွေဘက်က ပြန်ကြားခဲ့ရပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တယောက်က “အန်တီ့ တူလေးက စဖမ်းခံရတုန်းက ရွှေတိဂုံဘုရား ရှေ့ဘက်မုခ်မှာ ဖမ်းခံရတာ။ သူပါသွားတာကို အန်တီတို့မသိဘူး။ နှစ်ရက်လောက်နေတော့မှ သူပါသွားတာကို သိရတယ်။ ဘယ်ကိုပါသွားလဲ လိုက်စုံစမ်းတော့ လှိုင်သာယာ ၅၃၂ တပ်ကိုပေါ့။ မိသားစုတွေက သွားတွေ့တော့ ၁၅ သိန်းပေး၊ ပေးရင် လွှတ်ပေးမယ်ပေါ့။ ၁၂ သိန်းနဲ့ ညှိကြတော့ အဆင်ပြေတယ်။ ပိုက်ဆံမပါသွားတော့ ပြန်လာတာပေါ့။ ကြားထဲက လုပ်ပေးသူကို ၁၂ သိန်း ပေးလိုက်တာပေါ့။ ပေးလိုက်ပြီးတော့ နောက်ရက်ကျတော့ အန်တီတို့က လိုက်သွားတာပေါ့နော်။ လိုက်သွားကြတော့ ကလေးက အဲဒီမှာ မရှိတော့ဘူး။ ကြားထဲက ပိုက်ဆံပေးလိုက်သူက ၁၂ သိန်းလည်း မပေးဘူး။ ဘယ်ကိုပါသွားလဲ စုံစမ်းတော့ တညင်းကုန်းပြောလို့ ထပ်လိုက်ကြတယ်။ အဲဒီမှာလည်း မရှိဘူး။ ပါသွားပြီတဲ့ ရှေ့တန်းကိုတဲ့။ ထပ်လိုက်စုံစမ်းတော့ သထုံဘက်က ရှေ့တန်းကို ပါသွားတယ်လို့ သိရတယ်။ ကောင်လေးဖုန်းကိုလည်း ဆက်လို့မရဘူး။ ဆက်လည်း အကုန်ပိတ်သွားပြီ။ နောက်တော့ တူလေးရဲ့ စစ်ဝတ်စုံနဲ့ပုံကို လှမ်းပို့ပေးတယ်။ အဲဒီတော့မှ ရှေ့တန်းပါသွားတာကို အတည်ပြုနိုင်တယ်။ တူလေးနဲ့ အဆက်သွယ်ရချင်လို့ ချိတ်ဆက်ပေးပါဆိုတော့ မရဘူးလို့ ပြောတယ်။ လွန်ခဲ့တဲ့တပတ်လောက်က သူကျသွားပြီလို့ သတင်းရတယ်။ အဆက်သွယ်ကလည်း ပြတ်နေတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲပြုလုပ်တဲ့ ဒီဇင်ဘာလမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ နည်းခဲ့ပေမဲ့ ဇန်နဝါရီလမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုတိုးလာပြီး တိုင်းစစ်ဌာနချုပ်တွေဆီကို တန်းပို့တာ၊ အမှုကပ်ပြီး ခြိမ်းခြောက် စစ်မှုထမ်းခိုင်းတာတွေ ရှိလာသလို အိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲတာတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာတော့ စစ်ကောင်စီဟာ စစ်တပ်၊ ရဲယူနီဖောင်းတွေနဲ့အပြင် အရပ်ဝတ်တွေနဲ့ပါ ပေါ်တာဆွဲနေသလို အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့တွေကလည်း ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ Rangon Scout Network က ဆိုပါတယ်။

Rangon Scout Network တာဝန်ရှိသူက “မဲဆွယ်ခွင့်ပေးလိုက်တဲ့လကစပြီး ဒီဇင်ဘာလထိ လူလိုက်ဆွဲတာတွေ သိရတာ နည်းသွားပါတယ်ဗျ။ ရွေးကောက်ပွဲလုပ်ဖို့ရှိလို့ နည်းနည်းထိန်းလိုက်ပုံရပါတယ်။ ခုလ ဇန်နဝါရီလကစပြီး အရင်လတွေအတိုင်း ပြန် များလာတာ တွေ့ရတယ်ဗျ။ အများဆုံးက လမ်းပေါ်သွားလာနေတဲ့ သူတွေ၊ လမ်းဘေးထိုင်နေတဲ့သူတွေကို လိုက်ဆွဲတာပါ။ လူပြတ်လို့ လစ်တုန်းဆွဲတာကော၊ ဘီယာသောက်နေတယ်ဆိုပြီး အကြောင်းပြဆွဲသွားတာကော တွေ့ရပါတယ်။ စာရင်းအတိုင်း အိမ်ထိလိုက်ရှာပြီး ဆွဲတာ၊ ဧည့်စာရင်းစစ်ရင်း ဆွဲသွားတာတွေလည်း ပုံမှန် ရှိပါတယ်ဗျ။ ရပ်ကွက်တခု ဘယ်နှယောက်နှုန်းဆိုတာ ‌စစ်မှုထမ်းစာရင်းအတိုင်း လိုက်ဆွဲတာတွေကို ပြောတာပါ။ ရှိနေတုန်းပါပဲဗျ။ အထူးသဖြင့် ဆင်ခြေဖုံးဘက်တွေ အခြေခံလူတန်းစားများတဲ့ဘက်တွေမှာ လိုက်ရှာဆွဲပါတယ်။ တခြားဘက်တွေမှာတော့ ပိုက်ဆံနဲ့ ဖြေရှင်းပြီး လူစားထိုးလိုက်တာတွေ လုပ်တတ်ကြပါတယ်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ခုနှစ် အောက်တိုဘာကစပြီး နိုဝင်ဘာလအထိ စစ်ကောင်စီက တနိုင်ငံလုံးမှာ ပေါ်တာဆွဲဖမ်းဆီးသူ အရေအတွက် ၂၀၃ ယောက်အထိ ရှိခဲ့ပြီး အောက်တိုဘာမှာ ၁၀၉ ယောက်နဲ့ နိုဝင်ဘာမှာ ၉၄ ယောက်အထက် ဖမ်းဆီးခဲ့တယ်လို့ Data Inside Lab အဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အဲ့ဒီအပြင် ရွေးကောက်ပွဲပထမပိုင်းပြုလုပ်တဲ့ ဒီဇင်ဘာလမှာ ၃၇ ယောက်အထိ ရှိခဲ့တယ်လို ဆိုပါတယ်။

Data Inside Lab အဖွဲ့ဟာ PDF နဲ့ EAO တပ်ဖွဲ့တွေဘက်က ဖော်ပြတဲ့ သတင်းအချက်အလက်နဲ့ သတင်းမီဒီယာတွေက ဖော်ပြတဲ့ သတင်းအချက်အလက်တွေကို စုစည်းဖော်ပြပေးတာဖြစ်ပြီး ပေါ်တာဆွဲခံရတဲ့စာရင်းဟာ တနိုင်ငံလုံးအတိုင်းအတာဖြစ်ကာ ရန်ကုန်ကလည်း တချို့တဝက် ပါဝင်တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013