DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးမြှင့်ပေးရန် တောင်းဆိုနေသည့် အလုပ်သမားများအား ရဲခေါ်ပြီး ခြိမ်းခြောက်
DVB
·
January 13, 2026
လုပ်ခတိုးမြှင့်ပေးရန် တောင်းဆိုနေသည့် အလုပ်သမားများအား ရဲခေါ်ပြီး ခြိမ်းခြောက်
Donate to DVB

Golden & Five Myanmar အထည်ချုပ်စက်ရုံမှ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို ရဲခေါ်ပြီး ခြိမ်းခြောက်နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM ) ဆီက သိရပါတယ်။

လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်မှာ ဖွင့်ထားတဲ့ Golden & Five Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက တရက်လုပ်ခ ၅၀၀ ကျပ် တိုးပေးဖို့ ဇန်နဝါရီ ၇ ရက် ကတည်းက တောင်းဆိုနေကြတာလို့ ဆိုပါတယ်။

အဲဒီလို တောင်းဆိုတာကို စက်ရုံဘက်က လိုက်လျောတာ မရှိတဲ့အပြင် ရဲကိုအကြောင်းကြား ခေါ်ထားပြီး ရဲခေါ်တာ အကြောင်းရှိတယ်ဆိုကာ အလုပ်ရှင်က ခြိမ်းခြောက်လာတာလို့ အလုပ်သမားတွေက ပြောကြောင်း FGWM က ထုတ်ပြန်ထားပါတယ်။

Golden & Five Myanmar စက်ရုံ အလုပ်သမားတယောက်က “အလုပ်သမားရုံးက ဦးစီးတွေ ရောက်လာတယ်။ ညှိပေးတယ်သာပြောတာ ဘာအချက်မှ မရဘူး။ လက်ရှိပေးတဲ့ ဒေးကြေးအတိုင်းပဲ ပေးနိုင်မယ်။ အလုပ်ပြန်မလုပ်ရင် ပေးထားတဲ့ ဒေးကြေးပါ မပေးတော့ဘူးလို့ ခြိမ်းခြောက်သွားတယ်” လို့ ပြောပါတယ်။

စက်ရုံအတွင်း တောင်းဆိုမှုလုပ်နေတဲ့ အလုပ်သမားတွေနဲ့ မလှမ်းမကမ်းမှာ ရဲကား ရပ်ထားတဲ့အတွက် အလုပ်သမားတချို့ ကြောက်ပြီး အလုပ်ပြန်ဝင်ကြတာရှိသလို ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ရင် ဖမ်းဆီးမယ်လို့ စက်ရုံဘက်က ပြောတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ စက်ချုပ်အလုပ်သမားတွေကိုပဲ ဒေကြေး ၁၂,၀၀၀ ကျပ်ပေးပြီး တခြားဌာနတွေကို ၁၁,၅၀၀ ကျပ်ပေးတာ၊ ကျွမ်းကျင်မှု ဂရိတ်အလိုက် ခွဲခြားပြီး လုပ်ခလစာကို တန်းတူမပေးတာ၊ အများပြည်သူ ရုံးပိတ်ရက်တွေမှာ လုပ်ခလစာ လျှော့ပေးတာတွေကြောင့် တောင်းဆိုနေကြတာလို့ FGWM က ထုတ်ပြန်ထားပါတယ်။

Golden & Five Myanmar အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁,၀၀၀ ကျော်နဲ့ လည်ပတ်နေကာ FIRST DOWN၊ Workman Colors အမှတ်တံဆိပ် အထည်ကို ချုပ်လုပ်နေတာလို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း စက်ရုံတချို့မှာ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ အခုနှစ်အစမှာ ပြန်လည်ပေါ်ထွက်လာတာဖြစ်ပြီး နှစ်ဖက်ညှိနိူင်းကာ ပြေလည်တဲ့စက်ရုံတွေ ရှိသလို မပြေလည်သေးလို့ ဆက်ပြီး တောင်းဆိုနေကြတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013