DVB Logo
Home
မြန်မာသတင်း
ကော့မှူးတွင် ကြံ့ခိုင်ရေးအနိုင်ရ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မဲဆွယ်ပေးသဖြင့် ဥပဒေနှင့်မညီဟုဆို
DVB
·
January 13, 2026
ကော့မှူးတွင် ကြံ့ခိုင်ရေးအနိုင်ရ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မဲဆွယ်ပေးသဖြင့် ဥပဒေနှင့်မညီဟုဆို
Donate to DVB

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် မဲဆွယ်ပေးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်က စစ်အုပ်စု ကျင်းပခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၂ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစဥ်အဆက် အနိုင်ရရှိခဲ့တဲ့ ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက မဲပေါင်း ၁၀,၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်လောင်းတယောက်က “ကြိုတင်မဲက ကော်မရှင်က မများဘူး ပြောရပေမဲ့ နိုင်သွားတဲ့သူအတွက်က ကြိုတင်မဲ ၃,၀၀၀ ကျော်ပေါ့။ အဲ့ကြိုတင်မဲမပါလည်း မဲရုံမဲက နည်းပါတယ်။ သူက ၃၀,၀၀၀ ကျော်၊ ကျနော်က ၁၂,၀၀၀ ကျော်ပေါ့။ မဲပေးနိုင်တဲ့လူဦးရေ… မဲပေးတဲ့ ရာခိုင်နှုန်းက နည်းတယ်။ ကျနော်က ၅၀ ရာခိုင်နှုန်းလောက်မှန်းထားတာ မရှိဘူး။ ၃၅ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း အဲ့လောက်ပဲရှိတယ်” လို့ ပြောပါတယ်။

ကော့မှူးဒေသခံတွေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက စလို့ ၂၀၂၀ ပြည့်နှစ်အထိ ကော့မှူးမြို့နယ်ကနေ ဝင်ရောက်အရွေးချယ်ခံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြပြီး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကော့မှူးမြို့နယ်ဟာ မြန်မာလူမျိုးတွေလည်း ရှိသလို ကရင်-ဗမာ နဲ့ ကရင်လူမျိုးတွေ နေထိုင်ကြတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်နေထိုင်ခဲ့တဲ့ ဝါးသင်္ခကျေးရွာမှာ ရွေးကောက်ပွဲ မကျင်းပခင် ဇန်နဝါရီ ၁၀ ရက်မှာ မဲလာပေးကြဖို့နဲ့ ဖုန်းတွေကို ယူမလာကြဖို့ဆိုတဲ့ အသံချဲ့စက်သံသာ ကြားနေရပြီး တရွာလုံး တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်။

ဝါးသင်္ခကျေးရွာဟာ ခေတ်အဆက်ဆက် နာမည်ကျော်တဲ့ကျေးရွာ ဖြစ်တာမို့ ကျေးရွာလုံခြုံရေးကို အထူးအလေးထားပြီး ဝင်ရောက်အရွေးခံတဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို မသိရှိပေမဲ့ ကြိုတင်မဲထည့်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ခဲ့သလို မဲပေးရမဲ့နေ့မှာလည်း မဲလာရောက်ပေးခဲ့ကြတာကို စာရင်းဇယားတွေအရ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်မှာ ဒီမိုကရက်တစ်အင်အားစုတွေ အနိုင်မရရှိခဲ့ဘဲ ကော့မှူးသမိုင်းဟာ ဘာ့ကြောင့် ပြောင်းလဲသွားရပါလဲ။ ဒီအကြောင်းကို ကော့မှူးဒေသခံတယောက်က အခုလို ပြောပါတယ်။

“ကော့မှူးသမိုင်းကတော့ နိုင်ငံရေးနဲ့ပတ်သက်လာရင် တခါမှ သူတို့ မနိုင်ခဲ့ပါဘူး။ ကျမတို့ ဒီမိုကရက်တစ် အင်အားစုတွေဘက်ကပဲ နိုင်ခဲ့တာပေါ့။ အခုချိန်မှာပေါ့၊ ၂၀၂၆ မှာပေါ့နော် ကျမတို့ ကော့မှူးကနေ ဒီမိုကရက်တစ်နဲ့ပတ်သက်တဲ့ ပါတီအင်အားစုတွေ အကုန်လုံးက မပါဘဲနဲ့ ကြံ့ခိုင်ရေးပါသွားတယ် ဆိုတာမျိုးကလည်း ကျမတို့ အဓိကပေါ့နော်၊ အဓိက လက်ရှိ နိုင်ငံရေး အကျပ်အတည်း အခြေအနေရယ်၊ နံပါတ်နှစ် အနေနဲ့ကတော့ အဓိက နှစ်ဖက်စလုံးရဲ့ ဖိအားတွေကြောင့် ဖြစ်ပါတယ်။ အရေးကြီးတာ တခုရှိတယ်။  အရေးကြီးတာ ဘာလဲဆိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နေပြီးတော့ အင်အားကြီးတဲ့ပါတီကိုပဲ မဲထည့်ပါ၊ အင်အားကြီးတဲ့ ပါတီကို မဲထည့်မှ အစိုးရဖြစ်မှ သူတို့က လုပ်ပေးနိုင်မှာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ကိုက မဲဆွယ်ပေးနေတဲ့ ကိစ္စတွေက ဥပဒေနဲ့လည်း မညီဘူးပေါ့၊ အဲဒါလေးတွေကိုလည်း ကျမတို့က သိစေချင်ပါတယ်။”

ကြံ့ခိုင်ရေးပါတီနဲ့အတူ ဒီမိုကရက်တစ်အင်အားစုတချို့ ပါဝင်တဲ့ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေလည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ကော့မှူးမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၅၀,၀၀၀ ကျော်ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး မဲလာရောက်ပေးသူ ရာခိုင်နှုန်းကတော့ ၃၅ နဲ့ ၄၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဝင်ရောက်အရွေးချယ်ခံခဲ့သူ ကိုယ်စားလှယ်လောင်းတချို့က ခန့်မှန်းပြောဆိုပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013