DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနေ့ ဖရူဆိုနှင့် ဒီးမော့ဆို ရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် 
DVB
·
January 12, 2026
ရွေးကောက်ပွဲနေ့ ဖရူဆိုနှင့် ဒီးမော့ဆို ရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် 
Donate to DVB

ရွေးကောက်ပွဲအပိုင်း ၂ လုပ်တဲ့နေ့က ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဒီးမော့ဆို့မြို့နယ်ထဲက ကျေးရွာတွေကို  စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။  

ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ ကျင်းပသွားတဲ့ ကရင်နီပြည်နယ်က မြို့နယ်လေးမြို့နယ်မှာ စစ်တပ်က စစ်အင်အားဖြည့်တင်းနေပြီး အနီးနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတဲ့အတွက် လူအထိအခိုက်မရှိပေမဲ့ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ ဖရူဆိုမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်က ဖရူဆိုမြို့နယ်မှာ ရွေးကောက်ပွဲလုပ်နေတုန်း အနီးနားက လောထောတနောကျေးရွာကို လက်နက်ကြီး ကျတာကြောင့် လူနေအိမ် ၂ လုံး ထိခိုက်ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်က ရှင်းပြပါတယ်။

“မနေ့ညကတော့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးပစ်တာ ပြည်သူအိမ် ၂ လုံးပေါ့နော်၊ တလုံးက မီးလောင်ပြာကျသွားတယ်၊ တလုံးက ထိခိုက်ပျက်စီးသွားတယ်။ သူတို့က ဖရူဆိုအထိ လမ်းမကြီးဘေး တဖက်တခြမ်း အကုန်လုံးက သူတို့(စစ်တပ်) ယူထားတယ်။ ကျနော်တို့ဘက်ကတော့ ဒီးမော့ဆို-ဖရူဆိုလမ်းကျတော့ စည်းတားထားသလို ဖြစ်သွားတယ်။ သူက ကြားမှာ အကုန်အပြောင် ရှင်းထားတာ ရန်သူက အဲဒီလိုမျိုး ဖြစ်နေတယ်။”

ဒီးမော့ဆိုမြို့နယ်မှာလည်း ရွေးကောက်ပွဲလုပ်နေတဲ့ရက်မှာ စစ်ရဟတ်ယာဥ်တွေ ဆက်တိုက်ပျံသန်းတာတွေ လုပ်ခဲ့လို့ ဒီးမော့ဆိုဒေသခံတွေက လေကြောင်းရန်ကို သတိထားနေခဲ့ရသလို ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ကနေလည်း ဒီးမော့ဆို အနောက်ခြမ်းတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိပေမဲ့ အထိအခိုက် အပျက်အစီးတော့ မရှိဘူးလို့ ဒီးမော့ဆိုဒေသခံတွေက ပြောပါတယ်။

“ဒီနောက်ပိုင်းတော့ အသံတွေ (လက်နက်ကြီးပစ်သံ) ကတော့ နည်းနည်းဝေးပါတယ်။ ဒါပေမဲ့ သူတို့ဟာသူတို့ ဒရုန်းတွေ လိုက်လျှောက်ချနေတာတို့ ပြည်သူရှိမှန်းသိလျက်နဲ့ လျှောက်လုပ်တာမျိုးတွေ ရှိတယ်။ အသံတော့ ကြားနေရတာပဲ။ သူတို့ သိနေတာပဲ ပြည်သူလူထုက မကြိုက်ဘူးဆိုတာ။ ဒါကြောင့်မို့ သတိထားပြီး နေနေရတယ်။ လက်နက်ကြီးတို့၊ လေယာဥ်တို့ အဲဒါကိုပဲ ပိုစိုးရိမ်နေကြတာပေါ့။ ဒါပေမဲ့ သူတို့လူ(စစ်တပ်) က အဲဒီလောက်ထိလည်း လူများတယ်၊ အင်အားများတယ် ပြောသာပြောတာ သူတို့ မတိုးနိုင်လောက်ပါဘူး။” 

နန်းမယ်ခုံနဲ့ ဒီးမော့ဆိုနားတဝိုက်ကို စစ်တပ်က ထိုးစစ်ဆင်ချင်တဲအတွက် အခုလို အရပ်သားတွေကို အရင်ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးအရင်းအမြစ်က သုံးသပ်ထားပြီး လတ်တလော ဒီးမော့ဆို-ဖရူဆို မိန်းလမ်းမကြီးမှာ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပေမဲ့ ဒေသခံတွေအနေနဲ့က မလိုအပ်ဘဲ တိုက်ပွဲနဲ့နီးစပ်တဲ့နေရာကို မသွားဖို့နဲ့ စစ်ရေးသတိရှိကြဖို့ကို ကရင်နီတပ်ပေါင်းစုဘက်က နှိုးဆော်ထားပါတယ်။ 

ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပခဲ့တဲ့ မြို့တော်လွိုင်ကော်မှာလည်း ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ အချိန်တိုးထားပြီး မြို့အဝင်အထွက်တွေမှာ အစစ်ဆေးနဲ့ လုံခြုံရေးတွေ ပိုတင်းကျပ်ထားသလို စစ်တပ်ဗျူဟာ ချုပ်ကိုင်ထားတဲ့ ဘောလခဲမှာလည်း စစ်တပ်က အနီးအနား ရွာတွေကို နယ်မြေရှင်းလင်းရေးတွေ ဝင်နေပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013