DVB Logo
Home
မြန်မာသတင်း
စစ်တပ် ရွေးကောက်ပွဲ သတင်းရယူရန် ခက်ခဲပြီး လွတ်လပ်မှုမရှိဟု သတင်းသမားများပြော 
DVB
·
January 11, 2026
စစ်တပ် ရွေးကောက်ပွဲ သတင်းရယူရန် ခက်ခဲပြီး လွတ်လပ်မှုမရှိဟု သတင်းသမားများပြော 
Donate to DVB

စစ်တပ်က လုပ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ရွေးကောက်ပွဲ မဟုတ်ဘဲ လုပ်ကြံရွေးကောက်ပွဲ ဖြစ်ပြီး သတင်းယူဖို့ ခက်ခဲသလို ပြည်သူတွေကလည်း ကြောက်ကြောက်နဲ့ မဲပေးရတာလို့ ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

လူတွေဟာ မဲသွားမပေးချင်ပေမဲ့ ကြောက်ပြီးတော့ သွားပေးရတာမျိုး ရှိသလို ရွေးကောက်ပွဲကို လူမစည်၊ စည်တဲ့ပုံဖော်ပြီး ပြည်တွင်းက သတင်းမီဒီယာတွေကို သတင်းတွေပို့တယ် ဆိုတာမျိုးကိုလည်း ကြားရကြောင်း ထိုင်းနိုင်ငံရောက် သတင်းထောက်တယောက်က ပြောပါတယ်။

“ရွေးကောက်ပွဲသတင်း လိုက်ရတာလား၊ ကျက်သရေမရှိတဲ့အလုပ်ကို အပိုင်းပိုင်းခွဲပြီး လုပ်နေရသလိုပဲ ခံစားရတယ်။ အရင်တုန်းက ရွေးကောက်ပွဲမှာ သတင်းလိုက်ရတယ် ဆိုတာက လူတွေက စောစော မဲသွားပေးကြပြီး လူတန်းရှည်ကြီးတွေနဲ့ မဲရုံပိတ်သွားတဲ့အချိန်မှာ သူတို့ မဲမပေးလိုက်ရမှာကို စိုးရိမ်တယ်၊ စိတ်လှုပ်ရှားကြတာပေါ့။ မဲရုံမဖွင့်ခင်ကတည်းက စောင့်နေကြတာတွေ၊ အဲလိုမျိုးတွေ ရှိခဲ့တာပေါ့နော်။ လူတွေရဲ့ စိတ်လှုပ်ရှားမှုတွေ တက်ကြွတာတွေ အကုန်မြင်ရတာပေါ့။ အခုရွေးကောက်ပွဲ မဲပေးတဲ့သူတွေကိုကြည့်လိုက်ရင် မသာမယာနဲ့၊ လူတွေ့မှာကို ရှက်တာနဲ့၊ လက်သန်းလေးတွေ ဖွက်ရတာနဲ့ စသဖြင့်ပေါ့။”

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်တွင်းကလူတွေကို မေးမြန်းရာမှာလည်း ကြောက်ရွံ့နေကြတာကို ကြုံရပြီး ဒီရွေးကောက်ပွဲအကြောင်း သတင်းမလုပ်ချင်ပေမဲ့ မြန်မာရဲ့ အခြေအနေမှန်ကို နိုင်ငံတကာက သိနိုင်စေဖို့အတွက် လုပ်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို Boycott လုပ်တယ်ဆိုပြီး တချို့မီဒီယာတွေက သတင်းမဖော်ပြကြဖို့ လုပ်နေတာ တွေ့တယ်။ ပြည်တွင်းထဲက သတင်းဌာနတွေက လွတ်လပ်စွာ ရေးသားပြောဆိုခွင့် မရှိဘူး။ ရေးချင်စိတ် ပြောချင်စိတ် ရှိတောင် သူတို့ သေနတ်ပြောင်းအောက်မှာ အလုပ်လုပ်နေရတာမို့ သူတို့ပေးထားချက်ထဲကနေပဲ အကန့်အသတ်နဲ့ ဖော်ပြကြရတယ်။ စစ်တပ်လုပ်ရပ်ကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိဘူး။ မတရားတဲ့လုပ်ရပ်တွေ၊ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ ဒုက္ခတွေ၊ ဖိနှိပ်ခံရမှုတွေနဲ့ စစ်တပ်ရဲ့ သေနတ်ပြောင်းကြောင့် ကြောက်လန့် မဲပေးနေရတဲ့ ပြည်သူတွေအကြောင်းနဲ့ သူတို့လုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ အခြေအနေအမှန်ကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကမှ မပြောပြရင် နိုင်ငံတကာက သိဖို့မရှိဘူး။ သူတို့ပြောတာ အမှန်ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီ ကျက်သရေမရှိတဲ့အလုပ်ကို မလုပ်ချင်လည်း စောင့်ကြည့် ပြောဆိုနေရတာ။”

စစ်တပ် ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကတော့ ရွေးကောက်ပွဲသတင်းတွေ ဖော်ပြရာမှာ ပြည်သူတွေ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် မဲပေးကြတယ်လို့ ဖော်ပြကြပြီး စစ်တပ်ကိုထောက်ခံတဲ့ သတင်းဌာနတွေကလည်း အဲဒီလို သုံးနှုန်း ဖော်ပြနေကြတာပါ။

ပြည်တွင်းက သတင်းဌာနတခုမှာ လုပ်ကိုင်နေသူ သတင်းထောက်တယောက်က “ကျနော်တို့ကျ အပြင်ကလူတွေလိုလည်း ရေးမရဆိုတော့ လိုက်ရေးရင် ကြေးမုံ၊ မြန်မာ့အလင်းလေသံပဲ ပေါက်နေမှာဆိုတော့ တော်ရုံ မရေးဖြစ်တော့ဘူး” လို့ ပြောပါတယ်။

ပြည်ပသတင်းဌာနတခုအတွက် ပြည်တွင်းမှာနေထိုင် လုပ်ကိုင်နေသူ သတင်းထောက်တယောက် ကတော့ စစ်ကောင်စီအလိုကျ ရေးသားနေတဲ့ မီဒီယာတွေကိုပဲ နေရာအနှံ့ပေးဝင်ပြီး အမှန်တရားကို တင်ပြမဲ့ အလွတ်တန်း သတင်းထောက်တွေနဲ့ သတင်းဌာနကြီးတွေကိုတော့ သိသိသာသာ ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ စစ်ကောင်စီတဖွဲ့လုံး သိက္ခာမဲ့ အရှက်မရှိ တွင်တွင်သုံးနေတဲ့ စကားလုံးပါ။ ရွေးကောက်ပွဲတခုရဲ့ တကယ့်ဂုဏ်သိက္ခာဟာ မဲပေးသူတွေ စိတ်လုံခြုံမှုရှိရှိနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေက မဲရုံတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ဝတ်စုံ၊ ရဲဝတ်စုံတွေနဲ့ လက်နက်တွေ ကိုယ်စီကိုင်ထားကြသလို အိမ်စီးကားတွေပေါ်မှာ အရပ်ဝတ်တွေနဲ့ပါ အင်အားသုံး ချထားတာဟာ ပြည်သူတွေကို လုံခြုံမှုပေးတာထက် ခြိမ်းခြောက်မှုဖြစ်စေတဲ့သဘော ဆောင်နေတာ တွေ့ရပါတယ်။ ဒီလို ဖိအားပေးထားတဲ့ ဝန်းကျင်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲကို လွတ်လပ်တယ်၊ မျှတတယ်လို့ ပြောဖို့ခက်ခဲပါတယ်။”

ပြီးတော့ ရွေးကောက်ပွဲဝင်တဲ့ ပါတီအမတ်လောင်းတွေဟာလည်း လွတ်လပ်တဲ့ မီဒီယာတွေနဲ့ စကားပြောဖို့ ကြောက်ရွံ့နေကြတာကို ကြုံရတယ်လို့ သူကဆိုပါတယ်။

“နောက်ဆုံး စစ်ကောင်စီဟာ  နိုင်ငံတကာသတင်းထောက်တွေကို ဖိတ်ခေါ်တယ် ဆိုတာဟာလည်း ကမ္ဘာ့အမြင်မှာ ဟန်ပြရုံသက်သက်သာဖြစ်ပြီး စစ်မှန်တဲ့သတင်းရယူခွင့် မရှိပါဘူး။  ၂၀၂၁ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာကဏ္ဍဟာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရတာပါဗျာ။ အခုရွေးကောက်ပွဲဟာလည်း အဲဒီ အမှောင်ထုထဲမှာပဲ အခြေခံအခွင့်အရေးတွေ ကင်းမဲ့စွာနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်နိုင်မှာ မဟုတ်ဘူး ဆိုတာပဲ ပြောချင်ပါတယ်။”

DVB က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြေပြင်မှာရှိနေတဲ့ နောက်ထပ် သတင်းထောက်တယောက် ကလည်း ဒီတခေါက်သတင်းယူရတာ ပိုပြီးကျပ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာက အတုအယောင်အဖြစ် သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကို အပိုင်းပိုင်းခွဲလုပ်နေပြီး ဝေဖန်သူ ရာနဲ့ချီကိုလည်း သူတို့ထုတ်ထားတဲ့ဥပဒေနဲ့ ဖမ်းဆီး ထောင်ချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013