
အာဏာသိမ်းစစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး တချို့ကျေးရွာတွေမှာ ရွာသားတွေကို အပြင်ပေးမထွက်ဘဲ Lockdown ချထားပြီး မဲပေးခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ လှိုင်းဘွဲမြို့နယ်နဲ့ ကမမောင်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး လှိုင်းဘွဲမြို့နယ်မှာ မဲပေးနိုင်ဖို့ မဲရုံပေါင်း ၁၄၈ ရုံ ဖွင့်လှစ်ထားပါတယ်။
လှိုင်းဘွဲမြို့နယ်ထဲက ပိုင်ကျုံမြို့ အပါအဝင် အနီးအနားက ကျေးရွာ ၃ ရွာကို မဲရုံတွေမှာ မဲထည့်ဖို့ ရွာသားတွေကို ရွာပြင်ထွက်ခွင့်မပြုဘဲ စစ်တပ်က Lockdown ချထားတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“ပိုင်ကျုံမှာ အခုက ရွာ ၃ ရွာကို Lockdown ချထားတယ်။ တရွာနဲ့တရွာလည်း ဆက်သွယ်သွားလာလို့ မရဘူး။ ကောက်ရိုးတွေကအစ သယ်လို့မရဘူး။ လမ်းကြောင်းမှာလည်း စစ်ဆေးရေးဂိတ်တွေက အများကြီးပဲ။ လမ်းသွားရတာလည်း အဆင်မပြေကြဘူး။ ဖြစ်နိုင်ရင် ပြည်သူတွေ မသွားတာ ကောင်းတယ်။ လမ်းကြောင်းမှာ အစစ်အဆေးတွေက ကြမ်းတယ်။ အခြေအနေတွေက မကောင်းဘူး။ ပြည်သူတွေက ကြောက်လန့်တကြား ဖြစ်နေကြတယ်။”
တဖက်မှာလည်း ရွေးကောက်ပွဲအကြို ဇန်နဝါရီ ၃ ရက်ကစပြီး လှိုင်းဘွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းထားတာကြောင့် KNLA ပူးပေါင်းအဖွဲ့တွေနဲ့ နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။
လက်ရှိ စစ်ရေးတင်းမာနေတဲ့ လှိုင်းဘွဲမြို့မှာ မြို့တွင်းအခြေအနေ တည်ငြိမ်နေပေမဲ့ မဲရုံတွေမှာတော့ မဲသွားထည့်သူရော မထည့်တဲ့သူတွေရော ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံအမျိုးသမီးတယောက်က “အမကိုယ်တိုင်ကလည်း သွားမထည့်ဘူး။ သွားလည်း မသွားဘူး ဆိုတော့ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး။ မေးကြည့်တော့ တချို့တွေက မထည့်တာရှိတယ်။ သွားထည့်တဲ့သူတွေလည်း ရှိကြပါတယ်။ အရင်လိုတော့ မဟုတ်ဘူးပေါ့။ အဲလိုမျိုး။ ပေး ပေး မပေးပေး သူတို့ပဲနိုင်မှာပါ။ ကိုယ်တိုင်က စိတ်မဝင်စားလို့လားတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့လည်း အခု နည်းနည်း လိုက်ကြည့်နေတယ်။ မဲထည့်တဲ့ရွာတွေ ရှိတယ်။ တချို့လည်း မဲကို လုံးလုံးမထည့်တာတော့ မရှိဘူး။ ထည့်တာ နည်းတာနဲ့ များတာ အဲလောက်ပဲရှိတယ်။ တချို့လည်း ၅၀ ရာနှုန်း ၄၀ ရာနှုန်းလောက် ရှိတယ်။ တချို့ကျ ၂၀ တို့ ၃၀ တို့ အဲလောက်ပဲရှိတယ်။ နံပါတ် ၁ အချက်က ရွေးကောက်ပွဲ စည်းကမ်းကြောင့်ပေါ့။ မဲပေးချင်လည်း ရတယ်။ မဲမပေးချင်လည်း ရတယ်ဆိုတော့ ဂရုမစိုက်သလို အလေးမထားတဲ့လူကတော့ ပေးချင်မှ ပေးမှာပေါ့။ နံပါတ် ၂ ကတော့ နယ်မြေရဲ့အခြေအနေကို စိုးရိမ်ကြောင့်ကြပြီးတော့ မပေးရဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါတွေကြောင့်ပဲ ဖြစ်မယ်” လို့ ပြောပါတယ်။
စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာတော့ ဘားအံနဲ့ မြဝတီ မဲဆန္ဒနယ် ၂ ခုလုံးမှာ ကရင်ပြည်နယ်အခြေစိုက် ပါတီတွေဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) နဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) တွေက ကြိုတင်မဲနဲ့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ၂ ခုမှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အောင်ခန့်











