
ထိုင်းတောင်ပိုင်း ခရိုင် ၃ ခုမှာ ဒီနေ့မနက်က ဓာတ်ဆီဆိုင်၊ ကုန်စုံဆိုင်အပါအဝင် နေရာပေါင်း ၁၁ ခုမှာ တပြိုင်နက်တည်းလို ဗုံးဖောက်ခွဲခံရပြီး မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၁ ရက် ဒီနေ့မနက်စောစော ၁ နာရီ နဲ့ ၁ နာရီခွဲလောက်ကြားမှာ ပေါက်ကွဲမှုတွေ မရှေးမနှောင်းဖြစ်ပွားခဲ့တာလို့ အမှတ် ၄ တိုင်းဒေသ ပြည်တွင်းလုံခြုံရေး ရှေ့တန်းတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
လူတွေ အိပ်မောကျချိန်မှာ ဖောက်ခွဲခံရတာဖြစ်ပြီး အချိန်အနည်းငယ်အတွင်း ဓာတ်ဆီဆိုင်တွေ ပေါက်ကွဲသံတွေနဲ့အတူ မီးဟုန်းဟုန်းထတောက်ခဲ့တယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေ လမ်းပေါ်ထွက်မလာဖို့ အိမ်တွင်းမှာသာ နေကြဖို့ အသံချဲ့စက်တွေနဲ့ ဆော်ဩပြီး တောက်လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ဆင့်ကဲပေါက်ကွဲမှုတွေကိုလည်း သတိထားရတာကြောင့် ခက်ခဲစွာ မီးငြှိမ်းသတ်ခဲ့ရတယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ချိတ်ဆက်သတင်းပို့ချက်အရ ဒီနေ့မနက် ပေါက်ကွဲမှုတွေဟာ နာရာသီဝပ်ခရိုင်ထဲမှာ ၅ နေရာ၊ ပတ္တနီခရိုင်မှာ ၂ နေရာ နဲ့ ယာ့လားခရိုင်မှာ ၄ နေရာ စုစုပေါင်း ၁၁ နေရာမှာ ဖြစ်ပွားခဲ့တယ်၊ အများစုက PTT ဓာတ်ဆီဆိုင်တွေဖြစ်ပြီး ဓာတ်ဆီဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ဆဲဗင်းအလဲဗင်း ကုန်စုံဆိုင်တွေပါတယ်၊ ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ မကြားရသေးဘူး၊ ဆုံးရှုံးမှုတွေကတော့ အလွန်များပြားတယ်လို့ ဆိုပါတယ်။
စီစီကင်မရာစစ်ဆေးချက်အရ ဖောက်ခွဲမှုကျူးလွန်သူတွေဟာ ကြိုတင်စနစ်တကျ စီစဉ်ထားဟန်ရှိပြီး ဆိုင်ကယ်တွေနဲ့ ဓာတ်ဆီဆိုင်နားရောက်လာတယ်။ အနီးနားကလူတွေ ရှောင်တိမ်းဖို့ အော်ပြောပြီး ဓာတ်ဆီဆိုင် လောင်စာဆီရှိရာကို ချိန်ရွယ်ပစ်ပေါက်ခဲ့တယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် လူထက် ဓာတ်ဆီဆိုင်တွေသာ ဦးတည်ဖျက်ဆီးတာဖြစ်တယ်၊ ပျက်စီးဆုံးရှုံးမှု အများဆုံးကတော့ နာရာသီဝပ်ခရိုင်ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
တာဝန်ရှိသူတွေဟာ အနီးနားတဝိုက်ရှိ လက်ကျန် ဗုံးအကြွင်းအကျန်တွေ စစ်ဆေးရှင်းလင်းနေပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရပေမဲ့ PTT ဓာတ်ဆီဆိုင်တွေချည်းသာ ဖောက်ခွဲခံရတာကြောင့် စီးပွားရေးပြိုင်ဆိုင်မှုကြောင့်လို့ ခန့်မှန်းရပြီး ထိုင်းတောင်ပိုင်းမှာ ခွဲထွက်ရေး အဖွဲ့တွေကလည်း မကြာခဏ ဗုံးဖောက်ခွဲမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
Source - CH8 Thai TV / Thai PBS News










