ရန်ကုန်မြို့မှာ စက်သုံးဆီ အခက်အခဲ စတင်ခဲ့တဲ့ မတ်လဆန်းက အခုလို အခြေအနေမျိုးကြုံတွေ့ခဲ့ရပြီး စက်သုံးဆီစျေး သိသာတဲ့ အပြောင်းအလဲကြောင့် စိုးရိမ်တကြီး ဝယ်သူတွေ ပြန်များလာတာလို့ ဆိုပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှ အိမ်စီးကားပိုင်ရှင်တယောက်က “ဆီတန်းတဲ့ကားက ပထမတကြိမ်ထက်တောင် များမယ် ထင်တယ်။ အဝိုင်းက YP ဆိုင်ဆိုရင် နေ့လယ်လောက်မှာ ဆီကုန်သွားလို့ အရောင်းရပ်သွားတယ်။ ဆိုင်ကရပ်လည်း ကားတွေက ဆက်တန်းပြီးစောင့်နေတာ မြောက်ဒဂုံတံတားကျော်တယ်" လို့ ပြောပါတယ်။
အင်းစိန်မြို့နယ်မှာလည်း စော်ဘွားကြီးကုန်းလမ်းဆုံအကျော်က ဆီဆိုင်မှာ ဆီဝယ်ဖို့ စောင့်တဲ့ ကားတန်းမှာ ဂျပန်လမ်းအတွင်းထဲအထိ ရောက်တယ်လို့ ကိုယ်တိုင်မြင်ခဲ့တဲ့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။
မြောက်ဒဂုံ၊ ဘေလီတံတားအဆင်းက Denko ဆီဆိုင်မှာ ဆီဝယ်မဲ့ကားတန်းဟာ သံသုမာလမ်း YUPT ရုံးအကျော်ထိ ရောက်သလို စီမံကိန်း Max ဆီဆိုင်မှ ကားတန်းမှာလည်း မေတ္တာလမ်းထဲအထိ ရောက်တယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
စက်သုံးဆီစျေးမှာ မတ် ၁၉ ရက်ကထက် တလီတာ ၁,၃၀၀ ကျပ် နီးပါး ခုန်တက်သွားတာဖြစ်ပြီး စျေးဆက်တက်မှာနဲ့ ဆီပြတ်သွားမှာကို စိုးရိမ်လို့ ဝယ်ယူမူများနေတာလို့ ဆိုပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ ဆီရဖို့အတွက် ၂ နာရီကနေ ၃ နာရီအထိ တန်းစီစောင့်ဆိုင်းနေရသလို၊ စစ်ကောင်စီရဲ့ QR Code စနစ် နဲ့ စုံ/မ ရက်ခြားမောင်းရတဲ့စနစ် တွေကြောင့်လည်း နေ့စဉ်သွားလာရေးတွေမှာပါ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
ရန်ကုန်မြို့ခံတယောက်က “စက်သုံးဆီ ရဖို့အတွက် ၂ နာရီ ၃ နာရီ လောက် တန်းစီရတယ်။ အချိန် တွေ အရမ်းပေးရတယ်။ နောက်ပြီး စုံ/မ ရက်ခြား မောင်းရတဲ့စနစ်ကြောင့်လည်း ကလေး ကျောင်းကြို၊ ကျောင်းပို့ကအစ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
ဒီရိုက်ခတ်မှုကြောင့် မြို့ပြဒေသ နေ့စဉ်လုပ်ငန်းတွေ ကမောက်ကမ ဖြစ်နေရသလို ကျေးလက်ဒေသ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ဓာတ်မြေဩဇာဈေးနှုန်းနဲ့ စိုက်ပျိုးစရိတ်တွေ တက်လာတာကြောင့် တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိနေပါတယ်။
အကယ်လို့ စက်သုံးဆီပြတ်လပ်မှု ကြာရှည်လာရင်တော့ ဆန်အပါအဝင် လယ်ယာထွက်ကုန်ဈေးနှုန်းတွေဟာ အခုထက် ပိုမြင့်တက်လာနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
စက်သုံးဆီဈေးတက်တာကြောင့် ဆန်နဲ့ ကြက်ဥကအစ ဈေးတင်ရောင်းနေကြတဲ့အပြင် လျှပ်စစ်မလုံလောက်လို့ မီးစက်အသုံးပြုနေရတဲ့ လုပ်ငန်းတွေမှာလည်း စက်သုံးဆီဈေးနဲ့အတူ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ပိုမိုမြင့်မားလာနေတယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပြဿနာကြောင့် မြန်မာအပါအဝင် နိုင်ငံအများစုမှာ မတ်လဆန်းကစပြီး စက်သုံးဆီ မလုံလောက်မှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရက် ၄၀ စာ စက်သုံးဆီလုံလောက်တယ်လို့ မတ် ၆ ရက်မှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အချက်အလက်တွေမှာ ယုံကြည်ဖို့ ခက်ပေမဲ့ အမှန်တကယ် ရက် ၄၀ စာ စက်သုံးဆီ ရှိမယ်ဆိုရင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ ရက်ကနေတွက်ပါက ၂၅ ရက်ပဲ ကျန်တော့တဲ့အတွက် ပြည်သူတွေကြား စိုးရိမ်စရာဖြစ်လာစေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုပါတယ်။










