DVB Logo
Home
ဆောင်းပါး
တော်လှန်ရေးအဖွဲ့အစည်းများအကြား စည်းနှောင်မှုပျောက်ဆုံးခြင်း (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
January 9, 2026
တော်လှန်ရေးအဖွဲ့အစည်းများအကြား စည်းနှောင်မှုပျောက်ဆုံးခြင်း (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

လေးနှစ်ကျော်ဆိုတဲ့ အချိန်ကာလကို ဖြတ်သန်းခဲ့ကြပြီးနောက်မှာ မတူကွဲပြားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ ရပ်တည်ချက်တွေကို အခြေအနေနဲ့အညီ ပြန်လည်စောကြောသလား၊ ဝေဖန်ပြင်ဆင်မှု ရှိရဲ့လားဆိုတာ စိတ်ဝင်စားဖွယ် လေ့လာကြရမယ်လို့ ထင်ပါတယ်။

ပြည်သူတွေမှာလည်း မင်းအောင်လှိုင် ပြုတ်ကျဖို့လိုရင်း၊ မြန်မာစစ်တပ် ပျက်စီးသွားဖို့သာ အဓိက ဆိုပြီး လက်ရှိအချိန်ထိ နိုင်ငံရေးသဘောတူညီချက် အားမကောင်းတာကို မျက်နှာလွှဲထားကြရုံသာ တတ်နိုင်တဲ့ အခြေအနေပါ။

မင်းအောင်လှိုင် ပြုတ်ကျရုံသက်သက် မဟုတ်တဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား စည်းနှောင်မှုက ဘယ်အပေါ် အခြေခံမလဲဆိုတာ ညှိနှိုင်းမရရင်၊ သဘောတရားရေးအရ ချည်နှောင်မှု မရှိနိုင်ရင် ဘယ်လိုနိုင်ငံမျိုး တည်ဆောက်ကြမလဲဆိုတာ လိပ်ခဲတည်းလည်းနဲ့ ကြာမြင့်နိုင်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီက တကယ်ပဲ အနှစ်သာရလား၊ ဒီမိုကရေစီ ဖက်ဒရယ်လား၊ ကွန်မြူနစ်စနစ်လား၊ စစ်သုံးစစ် အပြီးတိုင် မချုပ်ငြိမ်းသေးတဲ့ နိုင်ငံရေးစနစ်လား။ လူမျိုးပေါင်းစုံ၊ ယဥ်ကျေးမှုပေါင်းစုံရဲ့ ဆုံချက်နဲ့ အခြေခံစံတန်ဖိုးတွေအဖြစ် ဘယ်အချက်တွေကို ဖော်ထုတ်ကြမလဲ ဆိုတာ ပါဝါကိုင်နိုင်တဲ့ Actor ‌တွေ အလေးထားစဥ်းစားဖွယ် ဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံဟာ လူမျိုးစုပေါင်းစုံ အတူနေထိုင်ကြ၊ ယဥ်ကျေးမှုပေါင်းစုံ ထွန်းကားကြတဲ့ Multiethanic & Multicuturalism နိုင်ငံမျိုး ဖြစ်ပါတယ်။ ဘာကြောင့် လူမျိုးပေါင်းစုံ အတူနေထိုင်ကြတဲ့ နိုင်ငံလို့ ခေါ်တာလဲဆိုရင် မတူညီတဲ့ ယဥ်ကျေးမှုတွေ ရှိခြင်းနဲ့ အတူယှဥ်တွဲ နေထိုင်ကြခြင်းတွေကြောင့်ပါ။ လူမျိုးစုတွေမှာ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်း၊ ယဥ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတွေ ရှိကြသလို ထိုသို့ ကိုယ်ပိုင်အမျိုးသား သရုပ်လက္ခဏာရှိကြတဲ့ လူမျိုးစုတိုင်းဟာ မြန်မာဆိုတဲ့ သည်နိုင်ငံမှာ အတူယှဥ်တွဲနေထိုင်ကြလို့ ဖြစ်ပါတယ်။ ယဥ်ကျေးမှုမှာလည်း မတူကွဲပြားမှုကို လက်ခံခြင်းနဲ့ တန်းတူအခွင့်အရေး ရှိကြတာမျိုးက အပေါ်ယံအားဖြင့် ရှိနေပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ဆိုပြီး ဘုံရန်သူတူကြပေမဲ့ လူမျိုးစု တမျိုးနဲ့တမျိုးဟာ မသင့်မြတ်ပါဘူး၊  မညီညွတ်ပါဘူး၊ စစ်ဖြစ်ကြပါတယ်၊ ရန်မီးပွားနေကြပါတယ်။

မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ် ကျေပြုန်းခဲ့ရင်လည်း ကျနော်တို့ လူမျိုးစုအသီးသီးကြားမှာ စစ်ဖက် မဟာမိတ်ဆက်ဆံရေး အဆင့်လောက်၊ နိုင်ငံရေးစုစည်းမှု ဆိုရင်လည်း လုံးဝခွဲထွက်ခွင့် ကွန်ဖက်ဒရိတ် အဆင့်လောက်မှာတင် နိုင်ငံရေးအမြော်အမြင် လမ်းဆုံးကြသလားဆိုတာ စောကြောစရာ ရှိပါတယ်။ ကျနော်တို့က လူဦးရေပေါက်ကွဲတဲ့ နိုင်ငံကြီးများကြားမှာ ကြားညပ်နေရတဲ့ နိုင်ငံဖြစ်နေလို့ ပေးထားချက်အရ မိမိလူမျိုး မိမိယဥ်ကျေးမှုနဲ့ သီးသန့် ကွန်ဖက်ဒရိတ် ရပ်တည်နေဖို့ဆိုတာ အင်မတန် စိန်ခေါ်မှုကြီးပါတယ်၊ အန္တရာယ်များပါတယ်။

နိုင်ငံတခု စနစ်များစွာ ဆိုတာထက် နိုင်ငံတခုတည်းမှာ ရှိနေတဲ့ လူမျိုးစုအသီးသီးနဲ့ ယဥ်ကျေးမှုများစွာအတွက် စည်းနှောင်ညီညွတ်ပေးမဲ့ တသားတည်းဖြစ်နေမဲ့ နိုင်ငံရေးစိတ်ဆန္ဒ (political will) က ဘာလဲ ဆိုတာ ညှိနှိုင်းပေးမှုမျိုး၊ ဖော်ထုတ်ပေးမှုမျိုး ဆိတ်သုဉ်းနေတဲ့ အခြေအနေပါ။

လိုရင်းကတော့ ကျနော်တို့ဟာ ဘုံရန်သူ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ် ကျေပြုန်းဖို့ရာ စစ်ရေးမဟာမိတ်အဖြစ် တွဲတိုက်ကြတယ်၊ နိုင်ငံရေးအားဖြင့်လည်း အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီရေးတွေ၊ ခွဲထွက်ခွင့်တွေ၊ ပြည်နယ်ရရေး ဆိုတာတွေနဲ့ ကွဲပြားနေကြတယ်။ နောက်ထပ် ဖြေဖို့လိုနေတဲ့ မေးခွန်းက လူမျိုးစု ပြည်သူအသီးသီးကြား၊ ယဥ်ကျေးမှုတွေအကြားမှာ ညီညွတ်စေမဲ့ အခြေခံစံတန်ဖိုးတွေနဲ့ စည်းနှောင်ပေးမဲ့ ဆောင်ရွက်ချက်တွေ မြင်တွေ့ရခြင်း မရှိနေပါဘူး။

လူမျိုးမတူ ယဥ်ကျေးမှုမတူဘဲ အတူယှဥ်တွဲနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ နိုင်ငံကို ဘယ်လိုဖြစ်စေချင်သလဲ ဆိုတဲ့ စိတ်ဆန္ဒကို ဖော်ထုတ်ပေးသူ စေ့စပ်ပေးသူမျိုး လုပ်ငန်းဆောင်တာမျိုး ရှိမနေသေးဘူးလို့ မြင်ရပါတယ်။

ဒါကပဲ ကျနော်တို့နိုင်ငံမှာ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ် ပြုတ်ကျသွားတောင်မှ အသွင်ကူးပြောင်းရေး ခက်ခဲမှု ကိုယ်စီ မာနနဲ့ ရပ်တည်ဖို့ ကြိုးစားရင်း တခြား ဘေးပတ်လည် နိုင်ငံကြီးတွေရဲ့ ကုန်သွယ်ရေးအရ၊ စီးပွားရေးအရ၊ လူမျိုးရေးအရ ဝါးမြိုခံရမဲ့ ဒေသအသီးသီးအဖြစ် နိမ့်လျှောသွားနိုင်မလား ဆိုတာကတော့။

မောင်မိုးမာန် (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013