DVB Logo
Home
Lead Story
ပြုပြင်ပြောင်းလဲရမည့် မြန်မာ့လူမှုရေးဓလေ့ကောက်ကြောင်းများ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
December 29, 2025
ပြုပြင်ပြောင်းလဲရမည့် မြန်မာ့လူမှုရေးဓလေ့ကောက်ကြောင်းများ (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

နိုင်ငံတခု၏ စနစ်တခုမှ တခုသို့ ကူးပြောင်းရာတွင် အဆိုပါနိုင်ငံ၏ သမိုင်းတလျှောက် ဖြတ်သန်းလာခဲ့ရသည့် နိုင်ငံရေး၊ လူမှုရေးတို့နှင့် ဆက်စပ်ကာ စနစ်ကူးပြောင်းရေး(တနည်း) ဒီမိုကရက်တိုက်ဇေးရှင်း၏ အနှေးအမြန်ကို ဆုံးဖြတ်ပေးနိုင်ပေသည်ဟု ပညာရှင်များက   ဆိုကြသည်။ 

ထို့ကြောင့် နိုင်ငံရေး၊ လူမှုရေးဓလေ့တို့ ပေါင်းစပ်ထားသည့် လူမှုနိုင်ငံရေးတန်ဖိုးသည် အဆိုပါနိုင်ငံ၏ ဖြတ်သန်းလာခဲ့ရသော ရှည်လျားရသည့် အတွေ့အကြုံမှ ဖြစ်ပေါ်လာခဲ့သည်ဟု  သိရပြန်သည်။ ထို့ကြောင့် ကျနော်တို့၏ မြန်မာ့သမိုင်းသည် မြန်မာ့လူမှုနိုင်ငံရေးတန်ဖိုး၏ တည်ရာ မီရာ ရေခံမြေခံ ဖြစ်နေပေတော့သည်။ ကျနော်တို့၏ မြန်မာ့သမိုင်းသည် အာဏာရှိသူတို့၏ လိုရာဆွဲပုံဖော်မှုများနှင့် အဂတိမကင်း၊ ယုတ္တိမလင်းမှုများကြောင့် အစစ်အမှန်ရှာတွေ့နိုင်ရန် အင်မတန်မှ ခက်ခဲနိုင်ပေသည်။ သို့သော် သေချာသည်က ကျနော်တို့သည် ပုဂံခေတ်မှစ၍ အင်္ဂလိပ်-ဗမာ တတိယစစ်ပွဲအထိ ဖြတ်သန်းခဲ့ရသည်မှာ သက်ဦးဆံပိုင်ဘုရင်စနစ် ဖြစ်ခဲ့သည်။ (ဒီနေရာတွင် ကျနော်အနေဖြင့် အသိပေးလိုသည်မှာ ကျနော်သည် သမိုင်းပညာရှင် မဟုတ်ပါချေ။ ထို့ကြောင့် သမိုင်းနှင့်စပ်လျဉ်း၍ လွဲမှားမှုများရှိသော် နားလည်ခွင့်လွှတ်ရန် ပန်ကြားလိုသည်။) 

သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်သည် ကျနော်တို့ ငယ်စဉ်က သင်ကြားခဲ့ရသည်က လေးစားအားကျဖွယ်ရာ၊ ပျော်မြူးဖွယ်ရာနှင့် ကြည်ညိုဖွယ်ရာအတိ ဖြစ်ခဲ့သည်။ ကျနော်တို့ သာမကသေးပင်။ သင်ကြားသည့် ဆရာ၊ ဆရာမများကိုယ်တိုင်သည်ပင်လျှင် အဆိုပါခေတ်စနစ်ကို ပြန်လည်ရောက်ရှိသွားသယောင် သင်ကြားပို့ချနိုင်ကြလေသည်။ သို့သော် ယနေ့ကာလတွင် အကြမ်းဖက်စစ်အုပ်စု၏ ဘုရင်သဖွယ် နိုင်ငံတော် (တနည်း) ပြည်သူ့အာဏာကို အတင်းအဓမ္မ လုယူရန် ကြိုးစား၍ အပြစ်မဲ့ပြည်သူများအား စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်နေခြင်းနှင့် အရပ်သားများကို ပစ်မှတ်ထား၍ ညှဉ်းပန်းနှိပ်စက်နေခြင်းများကို မျက်မြင်တွေ့ရသည့်အခါ ပဒေသရာဇ်စနစ်သည် ပို၍ဆိုးနိုင်ကြောင်းနှင့် အာဏာမှန်သမျှ ဘုရင်မှတပါး အခြားမရှိ ချုပ်ကိုင်ထားသည့်အတွက် ထိုခေတ်စနစ်တွင် ရှင်သန်ဖြတ်သန်းခဲ့ကြရသူများအတွက် ဝမ်းနည်းမိသလို ထိုခေတ်စနစ်၏ လူမှုရေးစနစ်၏ စီးဆင်းရာ၊ မြစ်ဖျားခံရာ အခြေအနေကို ဆင်ခြင်သုံးသပ်ကာ စာနာမိတော့သည်။

မြန်မာဘုရင်စနစ်သည် အခြားဥရောပနိုင်ငံများ၏ ဘုရင်စနစ်နှင့် ကွဲပြား၍ထူးခြားမှု                ရှိကြောင်း စာတမ်းတခုတွင် ဖတ်ရှုခဲ့ရပေသည်။ မြန်မာ့ဘုရင်စနစ်တွင် ဘုရင်ကို                     ဗဟိုချုပ်ကိုင်မှုရှိသော အာဏာပိုင်အဖြစ် သတ်မှတ်ပြီး သက်ဦးဆံပိုင် အမွေဆက်ခံမှု (primogeniture) ကို အခြေခံထားသည်ကို တွေ့ရသည်။  

သို့သော် လက်တွေ့တွင် အမွေဆက်ခံမှုသည် မကြာခဏ ပဋိပက္ခများနှင့် နန်းတွင်း သတ်ဖြတ်မှုများဖြင့် ရှုပ်ထွေးခဲ့ရသည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။ မြန်မာ့သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်တွင် ဘုရင်သည် ဗဟိုအချက်အချာ နေရာမှရှိနေပြီး ဘုရင်သည် နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင်လည်း ဖြစ်ကြောင်း တွေ့ရသည်။ ထိုတင်မကသေးပေ။ ဘုရင်သည် ဥပဒေ၊ တရားစီရင်ရေး၊ စစ်ရေး၊ ဘဏ္ဍာရေးနှင့် ဘာသာရေးကိစ္စများကို တဦးတည်း   ထိန်းချုပ်ပိုင်ခွင့်ရှိသည်။ အဆိုပါစနစ်ကို ပဒေသရာဇ်  (ဘုရင်တပါးတည်း အုပ်ချုပ်သူ) ဟု ခေါ်ဆိုပြီး အိန္ဒိယ-ဗုဒ္ဓဘာသာဓလေ့ (မဟာသမ္မတရာဇာစနစ်) မှဆင်းသက်လာကြောင်းလည်း ဆိုကြသည်။ အဆိုပါထူးခြားမှုကို မှန်နန်းရာဇဝင်တော်ကြီးအတွဲ (၃) စာမျက်နှာ ၂၃၅-၂၄၀ တွင် ဘိုးတော်ဘုရား၏ ဗဟိုချုပ်ကိုင်မှုတင်းကျပ်မှု၊ ကုန်းဘောင်ဆက်မှတ်တမ်း အတွဲ (၁) စာမျက်နှာ ၁၅၀ တွင် ဘကြီးတော်ဘုရားလက်ထက်တွင် အခွန်စနစ်တွင် ဗဟိုချုပ်ကိုင်မှုအားကောင်းခဲ့ကြောင်း ဖော်ပြထားလေသည်။ ထို့ကြောင့် အကြွင်းမဲ့အာဏာပိုင်စနစ်သည် မြန်မာ့လူမှုရေးစံတန်ဖိုးဓလေ့ကို ပြုပြင်စီရင်မှု ပေးနေခဲ့သည့်           ထူးခြားချက်ဖြစ်သည်ကို တင်ပြလိုသည်။

ထို့အပြင် ဘုရင်နှင့်ဘာသာရေး ဆက်နွှယ်မှုသည်လည်း ယနေ့ခေတ်၏ လူမှုနိုင်ငံရေးဓလေ့၏ ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်းကို တင်ပြလိုသည်။ ဘုရင်သည် ဗုဒ္ဓဘာသာ၏ အဓိက ကာကွယ်စောင့်ရှောက်သူ (Sasana Patron) ဖြစ်ပြီး ဘုရားကျောင်းကန်များ တည်ဆောက်ခြင်း အစရှိသည့် သာသနာ့ထွန်းကားရေး လုပ်ဆောင်ရခြင်းသည် ဘုရင်အာဏာ၏တရားဝင်မှု (legitimacy) ကို အားကောင်းစေသည်၊ ဖြစ်ထွန်းစေသည်ဟု တရားသေ စွဲမြဲထားသည့် အတွေးအခေါ် ဖြစ်သည်။ ထို့သို့ ဆောင်ရွက်ခြင်းသည်ပင်လျှင် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်သူ၊ အမျိုးသားရေးဦးဆောင်သူဟု အတွေးအခေါ်အယူအဆတို့ ရှိခဲ့သည်မှာ ပဒေသရာဇ်သက်ဦးဆံပိုင် ဘုရင်စနစ်မှသည့် မျက်မှောက်ခေတ် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အာဏာလုယူမှုအချိန်အထိ အဆိုပါ လူမှုစံတန်ဖိုးများဖြင့် နေထိုင်ကျင်လည်ခဲ့ကြသည်။ အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူထားဆဲ ကာလအတွင်း အတည်ပြုပြီး သေဆုံးခဲ့ကြရသည့် အပြစ်မဲ့အရပ်သားပေါင်း ၇,၄၆၃ ဦးနှင့် အတည်မပြုနိုင်သည့် အပြစ်မဲ့ အရပ်သား သေဆုံးသူပေါင်း ၄,၁၀၀ ကျော် (လက်တွေ့တွင် ထိုထက်ပင်များပြားနိုင်သည်) ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရပေသည်။ တဖက်တွင်လည်း အမျိုးသားရေးဗန်းပြကာ တဖက်တွင် အပြစ်မဲ့အရပ်သားများအပေါ်  ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်နေအိမ်များ၊ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီးခြင်း စသည့် ရာဇဝတ်ကောင်များသည် အမျိုးဘာသာ၊ သာသနာအား ကာကွယ်စောင့်ရှောက်သူအဖြစ် ဟန်ဆောင်နေသည်မှာ ရှက်ဖွယ်ကောင်းလှပေသည်။ ယနေ့ အကြမ်းဖက်စစ်အုပ်စုသည် သက်ဦးဆံပိုင်ဘုရင်စနစ်ထက်ပင် ပိုမို၍ ယုတ်မာဆိုးဝါးနိုင်ပေသေးသည်။

မြန်မာ့သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်၏ နောက်ထပ်ထူးခြားမှုသည် နန်းတွင်းနိုင်ငံရေးနှင့် အမျိုးသမီး အခန်းကဏ္ဍပင် ဖြစ်သည်။ ဘုရင်များသာမက ဘုရင့်မယ်တော်များနှင့် နန်းမတော်များသည်လည်း နိုင်ငံရေးတွင် လွှမ်းမိုးမှုရှိကြောင်း ကုန်းဘောင်ဆက် အတွဲ (၃) က သက်သေခံနေလေသည်။ အာဏာနှင့်ပတ်သက်၍ မည်သို့ပင် ကျော်လွှားရင်ဆိုင်ရပါစေ (သို့တည်းမဟုတ်) မည်သို့ပင် ယုတ်မာကောက်ကျစ်ရပါစေ ဆောင်ရွက်လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်းနှင့် အာဏာတည်မြဲရေးနှင့် ဆက်လက်စွဲကိုင်ရေးအတွက် လူ့အသက်ပေါင်းများစွာကိုပင် စတေးရန်လည်း ဝန်မလေးကြောင်း မြန်မာ့ပဒေသရာဇ်စနစ်မှ ခမ်းခမ်းနားနား သက်သေထူနေခဲ့သည်။

မြန်မာ့ပဒေသရာဇ်ကျင့်စဉ်အတိုင်း (သို့တည်းမဟုတ်) သာလွန်ဆိုးဝါးစွာပင် အကြမ်းဖက်စစ်တပ် ဦးဆောင်သည့် စစ်တပ်မှကျူးလွန်နေကြောင်းကို ကျနော်တို့အားလုံး မျက်စိဖြင့်လည်း မြင်ခဲ့ရပြီးဖြစ်သလို နစ်နာခဲ့ကြသည့် ပြည်သူများ၏ ပူလောင်ငိုကြွေးသံကိုလည်း ကျနော်တို့ နှလုံးသားများဖြင့် ကြားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့်ပင် ကျနော်တို့ လူငယ်များ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးတရပ်ကို ဆင်နွှဲကာ လူ့ယဉ်ကျေးမှုတရပ်ကို ထူထောင်ရန် အသက်၊ သွေး၊ ချွေးများ စတေးကာ အာတာပီဝီရိယစိုက်၍ ဆောင်ရွက်နေကြရခြင်း ဖြစ်သည်။ သို့သော် ကျနော်တို့၏ တော်လှန်ရေးရည်မှန်းချက်သည် အကြမ်းဖက်စစ်အုပ်စု နိဂုံးချုပ်ရေးထက် ပို၍တန်ကြေးကြီးသည့် လူမှုနိုင်ငံရေး စံတန်ဖိုးအဟောင်းကို လမ်းခွဲကာ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် ဖော်ဆောင်ရေး ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု နိဂုံးချုပ်ရုံမျှဖြင့် ဒီမိုကရေစီ (ကျင့်စဉ်) ရရှိနိုင်မည် မဟုတ်ပေ။ ဒီမိုကရေစီ ကျင့်သုံးနိုင်စေရေးအတွက် မြန်မာ့နိုင်ငံရေး ဓလေ့များသာမက ဒီမိုကရေစီနှင့် ကွဲလွဲသည့် လူမှုရေးဓလေ့များကိုပါ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပေသည်။

လူမှုဓလေ့ (Social Customs or Socio-Cultural Norms) ဆိုသည်မှာ တိုင်းပြည်တခု၏ လူ့အဖွဲ့အစည်းအတွင်း အချိန်ကြာရှည်စွာ ဖြစ်တည်လာခဲ့သည့် အပြုအမူ၊ ယုံကြည်ချက်၊ တန်ဖိုးထားမှုနှင့် စံနှုန်းများပင်ဖြစ်ပြီး အဆိုပါလူမှုဓလေ့များသည် စီးပွားရေးဖြစ်စဉ်၊ ပညာရေးဖြစ်စဉ်၊ ယဉ်ကျေးမှုဖြစ်စဉ်၊ ဘာသာရေးဖြစ်စဉ်တို့ပေါ်တွင် အခြေခံ၍ ဖြတ်သန်းလာခဲ့သည့် ခံစားချက်များ (collective sentiments, values, and emotional orientations) ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူမှုဓလေ့များသည် လူ့အဖွဲ့အစည်း၏ စုပေါင်းအသိစိတ် (collective consciousness) ကို ထင်ဟပ်စေသည့် အလေ့အထများ၊ ဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများနှင့် စံနှုန်းများပင်ဖြစ်သည်။ ထိုဓလေ့များသည် တဦးချင်း အပြုအမူကို ထိန်းချုပ်ပြီး လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းပေးသည်။

မြန်မာ့လူမှုရေးဓလေ့စံတန်ဖိုး (Socio-Cultural Norms) များသည် ဒီမိုကရက်တိုက်ဇေးရှင်း (Democratization) ကို အဟန့်အတားဖြစ်စေသည့် ထူးခြားချက်များ ရှိနေသည်။ ထိုဓလေ့များသည် ဗမာ့ရိုးရာယဉ်ကျေးမှု၊ ထေရဝါဒဗုဒ္ဓဘာသာ၊ ဘုရင်စနစ် အတွေ့အကြုံနှင့် စစ်အုပ်ချုပ်ရေး အတွေ့အကြုံများမှ ဆင်းသက်လာပြီး ဒီမိုကရေစီအခြေခံမူများ (တန်းတူညီမျှရေး၊ ဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ အစိုးရတာဝန်ယူမှု၊လူနည်းစု အခွင့်အရေး) နှင့် ဆန့်ကျင်နေပါသည်။ လူမှုဆက်ဆံရေးတွင် အထက်လူကြီး (ဘုရင်၊ စစ်ခေါင်းဆောင်၊ ဘုန်းကြီး၊ မိဘ၊ ဆရာ စသည်) တို့ကို အမြဲလေးစားရမည်ဖြစ်ပြီး ဆန့်ကျင်ခွင့်မရှိရခြင်းဟူသည့် အာဏာရှင်ဆန်ခြင်း၊ အထက်စီးဆန်မှုနှင့် လေးစားရေးဝါဒသည် ဒီမိုကရေစီဆိုင်ရာ ပြောဆိုဆွေးနွေးမှုများ၊ သဘောထားကွဲလွဲမှုများနှင့် အစိုးရ၏ မူဝါဒအလွဲအမှားများအား ထောက်ပြဝေဖန်မှုကို အဟန့်အတား ဖြစ်စေသည်။ ထို့အပြင် အဆိုပါဓလေ့ကြောင့် လူငယ်များနှင့် အမျိုးသမီးများ အသံထုတ်ရန် ပိုမိုခက်ခဲစေပြီး ယခု နွေဦးတော်လှန်ရေးတွင်လည်း ဆက်လက်ရှင်သန်ကျန်ရှိနေသည့်ဓလေ့ ဖြစ်သည်။                                         

မိမိတို့၏ အတွေးအခေါ် အယူအဆတို့ကို အသက်အရွယ်၊ လိင်ကွဲပြားမှု၊ ရာထူးဂုဏ်ရှိန်ဝါများကြောင့် ထုတ်ဖော်ခွင့်မရရှိခြင်း၊ နားထောင်မပေးခြင်းသည် လူ့အခွင့်အရေးအား စော်ကားမှေးမှိန်နေစေပြီး အကြမ်းဖက်စစ်အုပ်စုတွင်သာမက တော်လှန်ရေးအစုအဖွဲ့များတွင်ပါ နက်ရိူင်းစွာ အမြစ်တွယ်လျက် ရှိနေပေသည်။ ထို့အပြင် နောက်ထပ် အန္တရာယ်ရှိ၍ အမြစ်ဖျက်ရမည့် လူမှုဓလေ့သည် ဗမာ-ဗုဒ္ဓအမျိုးသားရေးဝါဒ (Bamar-Buddhist Nationalism) ဖြစ်ပြီး အဆိုပါဓလေ့သည် သမိုင်းတလျှောက်နှင့် ယနေ့ကာလအထိပါ ဗမာမဟုတ်သူများနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို ခွဲခြားဆက်ဆံနေခဲ့ကြောင်း Matthew J. Walton (2016), “Buddhism, Politics, and Political Thought in Myanmar” (စာအုပ်၊ အခန်း ၃) တွင် ထောက်ပြထားပေသည်။ 

ထို့အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဖျက်သိမ်းပြီး) တွင် “တိုင်းရင်းသား” ဟူသည့် အယူအဆနှင့် အသုံးအနှုန်းသည် လူမျိုးရေးခွဲခြားမှုကို တရားဝင်စေပြီး ဒီမိုကရေစီ တန်းတူညီမျှရေးကို အဟန့်အတားဖြစ်စေသည်ကို သတိချပ်ကြရန် လိုအပ်ပေသည်။ (ထို့ကြောင့် စာရေးသူအနေဖြင့် ဒီမိုကရေစီနှင့် နိုင်ငံသားဗဟိုပြုရေးဆိုင်ရာ ဖက်ဒရယ်စနစ်ကို ဖေါ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်ကို တင်ပြလိုသည်။) တဆက်တည်းတွင်ပင် ဘာသာရေးဆိုင်ရာအမြင်နှင့် ရှုထောင့်များကို စီးပွားရေး၊ လူမှုရေးနယ်ပယ်တွင်သာမက နိုင်ငံရေးတွင်ပါ စွဲထင်ကျင့်သုံးလာခြင်းသည်လည်း ပြုပြင်ပြောင်းလဲရမည့် လူမှုဓလေ့တခု ဖြစ်သည်။ ကံ၊ ကံ၏ အကျိုးဆိုင်ရာ ယုံကြည်ချက်ကြောင့် လူမှုနိုင်ငံရေးပြဿနာများကို “ကံ” ဟု ရှုမြင်ကာ တက်ကြွစွာ ဖြေရှင်းရန် စိတ်အားထက်သန်ခြင်းမရှိတော့သည့် ကံကြမ္မာယုံကြည်မှုနှင့် တာဝန်ယူမှု ရှောင်ရှားရေးကြောင့် အစိုးရ သို့မဟုတ် ခေါင်းဆောင်များ၏ အမှားများကို ဝေဖန်ရန် ရှောင်ရှားတတ်သည့် ဓလေ့သည် ဒီမိုကရေစီတာဝန်ယူမှုကို အားနည်းစေပြီး ဒီမိုကရက်တိုက်ဇေးရှင်းကို အဟန့်အတား ဖြစ်စေသည်။ အဆိုပါအချက်ကို Elliott Prasse-Freeman (2012), “Power, Suffering, and the Struggle for Dignity” (စာအုပ်၊ အခန်း ၂) တွင် ဆင်းရဲမှုနှင့် မတရားမှုကို “ကံ” ဟု ရှုမြင်ခြင်းသည် ဒီမိုကရေစီလှုပ်ရှားမှု အားနည်းစေသည်ဟု ဖော်ပြထားသည်ကို တွေ့ကြရပေမည် ဖြစ်သည်။ 

အမျိုးသားများ၏ ဦးဆောင်မှုနှင့် ဖိုဝါဒ ဦးစားပေးထားသည့် ဓလေ့သည် အမျိုးသမီးများ၊ လူငယ်များနှင့် လိင်ကွဲပြားသူများ၏ အခန့်ကဏ္ဍနှင့် ပါဝင်မှုကို မျက်ကွယ်ပြုထားသည့် ဓလေ့ဖြစ်ပြီး ဒီမိုကရေစီကိုယ်စားပြုမှုနှင့် တန်းတူညီမျှရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ ပါဝင်မှု များပြားသော်လည်း လိင်အခြေပြု ခွဲခြားမှုဆိုင်ရာ လူမှုဓလေ့ကြောင့် အမျိုးသမီးများ၊ လူငယ်များနှင့် လိင်ကွဲပြားသူများ၏ ခေါင်းဆောင်မှု အခွင့်အရေး နည်းပါးကြောင်း တင်ပြထားသည်ကို တွေ့ရပေသည်။ လူနည်းစုပြဿနာများတွင် သဟဇာတနှင့် ပဋိပက္ခရှောင်ရှားသည့် ဓလေ့ကြောင့် အမြစ်တွယ်နေသော ပြဿနာအရင်းအမြစ်များ (Root Causes) များကို ဖြေရှင်းနိုင်မှု ကြန့်ကြာနေကြောင်း Renaud Egreteau (2011), “Burmese Indians in Contemporary Burma” (Asian Ethnicity Journal) တွင် သုံးသပ်ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ဗမာ့လူမှုရေးဓလေ့သည် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်မှသည် ယနေ့                   စစ်အာဏာရှင်စနစ်အထိ ဖြတ်သန်းနေကြရဆဲ အတွေ့အကြုံများနှင့်ယှဉ်၍ ဖြစ်ပေါ်လာရသည်။ ထို့အပြင် ဒီမိုကရေစီဓာတ်ချို့တဲ့၍ အာဏာရှင်အာနိသင်လွှမ်းထုံနေသည့် မြန်မာ့လူမှုဓလေ့ စံတန်ဖိုးများသည် နေ့ချင်းညချင်း ပြောင်းလဲရန်မှာ အင်မတန်ခက်ခဲမည်ကို နားလည်ပါသည်။ သို့သော်လည်း မပြောင်းလဲနိုင်သည့်အရာတော့ မဟုတ်ပါချေ။ ကောင်းမွန်သည့် ပညာရေးနှင့် စာရိတ္တမဏ္ဍိုင် မြှင့်တင်ပေးခြင်းဖြင့် ပြောင်းလဲနိုင်ကြရမည် ဖြစ်သည်။ ထို့အပြင် ယနေ့ နွေဦးတော်လှန်ရေးသည် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် အကူးအပြောင်းဆိုင်ရာ တော်လှန်ရေးတရပ် ဖြစ်သည်ကို ပါဝင်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး နားလည်သဘောပေါက်ဖို့ လိုအပ်ပြီး မိမိတို့ကိုယ်တိုင်သည်လည်း လူမှုဓလေ့စံတန်ဖိုး အဟောင်းများကို ခဝါချ၍ ဒီမိုကရေစီစံတန်ဖိုးများကို စတင်ကျင့်ကြံကြဖို့ လိုအပ်သည်။ မိမိတို့နှင့် အမြင်သဘောထား မတူသူများကို “တတိယအင်အားစုများ” ဟူ၍ လည်းကောင်း၊ ရာထူး၊ ကျား/မနှင့် လိင်ကွဲပြားမှု၊ အသက်အရွယ်ကွာခြားမှုတို့အပေါ် အခြေတည်၍ အထက်အောက်ပုံစံ၊ အာဏာရှင်ဆန်ဆန် ပြုမှုကျင့်ကြံနေမှုများ၊ အသံထုတ်ဖော်မှုအား ကန့်သတ်နေမှုများ၊ အပြန်အလှန်လေးစားမှု မရှိခြင်းများသည် နွေဦးတော်လှန်ရေးသာမက ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အတွက်ပါ အနှောင့်အယှက်ဖြစ်ကြောင်း စေတနာ၊ သဒ္ဓါလောင်းကာ တင်ပြလိုက်ရပါသည်။

ဂျေဆန် (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013