DVB Logo
Home
ဆောင်းပါး
မြန်မာစစ်တပ် စစ်ရေး အနိုင်ရနေပြီလား
DVB
·
May 4, 2026
မြန်မာစစ်တပ် စစ်ရေး အနိုင်ရနေပြီလား
Donate to DVB

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးကတည်းက မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက နယ်မြေအများအပြားကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆီ လက်လွှတ်ခဲ့ရပါတယ်။ ဒါဟာ နိုင်ငံစီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပြီး၊ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံခဲ့ရပါတယ်။ စစ်ရာဇဝတ်မှု စွပ်စွဲချက်များစွာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနှစ်ခွဲကျော် ကာလအတွင်းမှာတော့ စစ်တပ်ဟာ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတချို့ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒရုန်းထောင်ပေါင်းများစွာနဲ့ စစ်သားသစ်တွေရဲ့ အကူအညီနဲ့ စစ်မျက်နှာအတော်များများမှာ ထိုးစစ်ဆင်မှုအသစ်တွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ မြေပြင်မှာ အသာစီးပြန်ရလာတာနဲ့အမျှ စစ်အာဏာရှင်အစိုးရဟာ စနစ်တကျအကွက်ချထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေကိုလည်း စတင်လုပ်ဆောင်လာပါတယ်။

ဒီအခြေအနေတွေကြားမှာပဲ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ပြောင်းရွှေ့လိုက်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စစ်အာဏာရှင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းစကတည်းက ဖမ်းဆီးခံထားရတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ ဒါဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေဆီ ဦးတည်ဖို့ အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတခုလို့ ဆိုပါတယ်။ ဒါပေမဲ့ Burma Campaign UK ရဲ့ ဒါရိုက်တာ မတ်ခ်ဖာမင်နာ ကတော့ “ဒါဟာ အပြောင်းအလဲ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ အများအမြင်ကောင်းအောင် လုပ်တဲ့ (PR) လုပ်ရပ်သက်သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမှ အလိမ်ခံမထိဖို့လိုပါတယ်”လို့ ပြောပါတယ်။

နိုင်ငံရေးအရ တရားဝင်မှု ပိုရလာရန် ကြိုးပမ်းလာခြင်း

မကြာသေးခင်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို အတုအယောင်လို့ အများက သတ်မှတ်ထားကြပါတယ်။၊ ဒါပေမဲ့ ဒါဟာ စစ်အာဏာရှင်အစိုးရအတွက် နိုင်ငံတကာ စင်မြင့်ပေါ် ပြန်တက်ဖို့ တံခါးပေါက်တခု ဖြစ်သွားစေခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Stimson Center က အကြီးတန်းသုတေသီ စတိဗ်ရော့စ်က “သူတို့ကို အနိုင်ရနေတယ်လို့တော့ ကျနော် မပြောလိုပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၈ လလောက်အတွင်းမှာ အခြေအနေတွေက စစ်တပ်ဘက်ကို သိသိသာသာ ယိမ်းသွားတယ်” လို့ ဆိုပါတယ်။

ဒီဇင်ဘာနဲ့ ဇန်နဝါရီ ရွေးကောက်ပွဲတွေမှာ လူထုထောက်ခံမှုများတဲ့ NLD ပါတီအပါအဝင် ပါတီများစွာကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့တာပါ။ အဲဒီလို ရွေးကောက်ပွဲမျိုးမှာမှ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပါတယ်။ လွှတ်တော်အသစ်ကနေ စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တာကြောင့်၊ ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့ ကာလရှည်ကြာ ရည်မှန်းချက် ပြည့်ဝသွားခဲ့ပါတယ်။

အနောက်နိုင်ငံအများစုကတော့ ဒီရွေးကောက်ပွဲကို အတုအယောင်အဖြစ် ပယ်ချခဲ့ပြီး အစိုးရသစ် ဆိုတာလည်း နာမည်ပြောင်းထားတဲ့ စစ်အာဏာရှင်အစိုးရသက်သက်ပဲလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ နိုင်ငံတချို့ကတော့ အစိုးရသစ်ကို ကြိုဆိုဖို့ တန်းစီနေကြပါတယ်။

“ဒီရွေးကောက်ပွဲတွေက မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်အစိုးရကို လွန်ခဲ့တဲ့ တနှစ်ခွဲ၊ ၂ နှစ်လောက်က မဖြစ်နိုင်ခဲ့တဲ့ ပုံစံမျိုးနဲ့ နိုင်ငံတကာစင်မြင့်ပေါ် ခြေဖျားထောက်၊ ပြန်ဝင်လာနိုင်အောင် လုပ်ပေးလိုက်တာပဲ” လို့ ရော့စ်က ပြောပါတယ်။ 

ထိုင်းနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မင်းအောင်လှိုင်ဆီ တရားဝင် လာရောက် တွေ့ဆုံခဲ့ကြပြီးပါပြီ။ ထိုင်းနိုင်ငံဟာ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကို ပြန်လည်ပါဝင်ခွင့်ပေးဖို့ အပြင်းအထန် စည်းရုံးနေပါတယ်။

ပြောင်းလဲလာတဲ့ စစ်မြေပြင် အခင်းအကျင်း

စစ်မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေက သူတို့သိမ်းပိုက်ထားတဲ့ နေရာအများစုကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်က တရုတ်၊ ထိုင်းတို့နဲ့ ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ အပါအဝင် နယ်မြေတော်တော်များများကို ပြန်လည်ရယူနေပါတယ်။

တရုတ်နိုင်ငံဟာ အင်အားကြီး လက်နက်ကိုင်အဖွဲ့တချို့ကို သူတို့သိမ်းထားတဲ့ နယ်မြေတချို့ ပြန်ပေးဖို့၊ စစ်တပ်ကို ဆက်မတိုက်ဖို့နဲ့ တိုက်နေဆဲအဖွဲ့တွေကို လက်နက်မရောင်းဖို့ ဖိအားပေးရာမှာ အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပါတယ်။

စစ်တပ်အတွက် အလားတူ အထောက်အကူဖြစ်စေခဲ့တဲ့ နောက်ထပ်အချက်တခုကတော့ PDF တွေရဲ့ “အရှိန်အဟုန်နဲ့ ပြိုဆင်းလာမှု”ပဲ ဖြစ်တယ်လို့ အော်စလို ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (PRIO) က အမရာသီဟက ဆိုပါတယ်။ သူ့ရဲ့ မြေပြင်သုတေသနတွေအရ မကြာသေးခင် လတွေအတွင်းမှာ PDF တွေဆီကနေ ဘက်ပြောင်းခိုလှုံသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်အတော်များများက ပမာဏထက်တောင် ပိုများနေပါတယ်။ တချို့ PDF တွေဆိုရင် စနစ်တကျ စစ်ဆင်ရေးလုပ်ဖို့တောင် အင်အားသိပ်နည်းသွားပြီလို့ သူက ဆိုပါတယ်။

မြေပြင်မှာ အောင်ပွဲတွေ အများကြီးရခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တောင် အခုအခါမှာ ရုန်းကန်နေရတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ရှေ့ဆက် ဘာဖြစ်လာမလဲ

အမရာသီဟရဲ့ အဆိုအရ တော်လှန်ရေးအင်အားစုတွေဟာ ဖွဲ့စည်းပုံအရ ကျဆင်းလာနေပြီး၊ စစ်တပ်ကတော့ (အထူးသဖြင့် သူတို့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဗမာအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်းမှာ) တည်ငြိမ်မှု ပြန်ရလာနေတယ်လို့ ဆိုပါတယ်။ “ပဋိပက္ခက မပြီးသေးပါဘူး။ စစ်အာဏာရှင်အစိုးရမှာလည်း အုပ်ချုပ်ရေးယန္တရားနဲ့ စီးပွားရေးပိုင်း အပါအဝင် အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အသက်ဆက်ရုံသက်သက် မဟုတ်တော့ဘဲ၊ လောလောဆယ်မှာတော့ တဖြည်းဖြည်းနဲ့ အသာစီးပြန်ရနေပါပြီ” လို့ သူက သုံးသပ်ပါတယ်။

ISP-Myanmarမှ သုတေသီ ထက်ရှိန်လင်းကတော့ စစ်တပ်ဟာ အနိုင်ရနေတာ မဟုတ်ဘဲ ဆက်တိုက် ရှုံးမနေတော့တာသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေထဲက အနည်းငယ်ကိုသာ ပြန်ရသေးပြီး၊ တချို့စစ်မျက်နှာတွေမှာ ရှုံးနေဆဲပါလို့ သူက ဆိုပါတယ်။ “မြန်မာစစ်တပ် အနိုင်ရနေတာ မဟုတ်ပါဘူး။ ဆက်တိုက် ရှုံးနိမ့်နေတဲ့ အခြေအနေမျိုး မဟုတ်တော့တဲ့ အနေအထားတခုကို ရောက်သွားတာပါ” လို့ သူက ပြောပါတယ်။

၂၀၂၃ နှောင်းပိုင်းနဲ့ ၂၀၂၄ အစောပိုင်းမှာ ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်းအခြေစိုက်စခန်း ရာနဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။ “အခုတော့ သူတို့က တရုတ်ရဲ့ အကူအညီကို အသုံးချပြီး ထပ်မရှုံးအောင် တားဆီးနိုင်ခဲ့ပါတယ်။ သူတို့အနေအထားကို ပြန်လည်တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါပြီ” လို့ ထက်ရှိန်လင်းက ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေဟာ စစ်တပ်ကို အပြီးတိုင် ဖြုတ်ချနိုင်လောက်အောင် စုစည်းညီညွတ်မှု မရှိပေမဲ့၊ သူတို့ကိုယ်တိုင်လည်း အလွယ်တကူ ရှုံးနိမ့်သွားမှာ မဟုတ်ဘူးလို့ သုံးသပ်သူတွေက ဆိုပါတယ်။ လက်နက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေတာနဲ့ ပြည်သူတွေရဲ့ နက်ရှိုင်းတဲ့ ဒေါသတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးဟာ မကြာမီကာလအတွင်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ရော့စ် က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ အခုချိန်မှာ နည်းနည်း ပြန်ကျသွားပေမဲ့၊ ပြည်တွင်းစစ် မစခင်ကထက်စာရင်တော့ အများကြီး မြင့်မားနေဆဲပါပဲ။ စစ်သားနဲ့ အရပ်သား သောင်းနဲ့ချီ သေဆုံးခဲ့ပြီး၊ လူ ၃ သန်းကျော်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

“၂၀၂၀ အာဏာမသိမ်းခင်က နိုင်ငံအခြေအနေနဲ့ အခုအခြေအနေကို နှိုင်းယှဉ်ကြည့်ရင်၊ ရိုးသားတဲ့ စစ်ခေါင်းဆောင်တိုင်းက သူတို့ဟာ အဲဒီအချိန်ကထက် စစ်ရေးအရ အများကြီး အားနည်းနေပြီ ဆိုတာကို ဝန်ခံကြမှာပါ” လို့ ရော့စ် က ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်ကထက်စာရင်တော့ စစ်တပ်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြပါတယ်။ ဒါပေမဲ့ သူတို့ အနိုင်ရနေတယ်လို့ ရိုးရိုးသားသား ဝန်ခံရဲလောက်အောင်တော့ သူတို့ ယုံကြည်မှု ရှိနေမယ် မထင်ပါဘူး” လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

ဇွမ်ဘာပီတာ 

Ref: DW / Zsombor Peter

(DW သတင်းဌာနတွင် Zsombor Peter  ရေးသားထားသည့်  “Is Myanmar's military winning the civil war?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013