
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ ကာလရှည် ခိုလှုံနေထိုင်နေကြရတဲ့ ဒုက္ခသည်တွေဟာ နိုင်ငံတကာ အထောက်အပံ့တွေ ရပ်ဆိုင်းသွားတဲ့နောက် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့် ရခဲ့ကြပေမဲ့လည်း ဒုက္ခသည်တချို့အတွက် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က နှစ်ရှည်ဒုက္ခသည်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရပ်ဆိုင်းသွားခဲ့ရတာကြောင့် အခုလို အလုပ်လုပ်ခွင့်ဟာ ဒုက္ခသည်တွေအတွက် အရေးကြီးတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်၊ ဒုက္ခသည်စခန်း ၉ ခုထဲက ကရင်နီဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ဆူရင်းနဲ့ မိုင်နိုင်ဆွိုင်တို့က ဒုက္ခသည်စခန်းတွေမှာတော့ လူဦးရေစုစုပေါင်း တသောင်းခွဲဝန်းကျင်ရှိပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေကတော့ ၂,၀၀၀ ကျော်ရှိပေမဲ့ လက်ရှိမှာ တကယ်ထွက်ပြီး အလုပ်လုပ်ကိုင်နေသူက ၁၀၀ ကျော်သာ ရှိသေးတာလည်း ဖြစ်ပါတယ်။ ဒီအလုပ်လုပ်ခွင့်ရသူတွေဟာ မိုင်နိုင်ဆွိုင်စခန်းက ဖြစ်ပြီး မယ်ဆူရင်းကတော့ အလုပ်မရကြသေးဘဲ အလုပ်ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ စခန်းတွင်း နေထိုင်သူတွေက ဆိုပါတယ်။
အလုပ်ရလို့ စခန်းအပြင်ထွက်ပြီး သွားလုပ်ကြသူ ၁၀၀ ကျော်ထဲမှာလည်း အဆင်မပြေလို့ ပြန်လာတဲ့သူ ၃၀ ဝန်းကျင်လောက် ရှိခဲ့တယ်လို့လည်း ကရင်နီဒုက္ခသည်စခန်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သူတို့ ဒီကနေပြီးတော့ အလုပ်ရှင် လာခေါ်တဲ့ အချိန်မှာ တချို့အလုပ်ရှင်တွေက အချက်အလက်တွေကို အတိအကျမပေးဘဲနဲ့ ဟိုမှာ အလုပ်သမားတွေ ရောက်သွားတဲ့အချိန်မှာ အဆင်မပြေမှုတွေ ဖြစ်သွားတာပေါ့နော်။ ဟိုမှာရောက်ရင် အကုန်လုံး ပြင်ဆင်ပေးမယ် စီစဉ်ပေးမယ်ဆိုပြီးနှုတ်ကတိနဲ့ပဲပေါ့နော်၊ ဟိုရောက်တော့ နေ့စား အတိအကျဆိုတာ ဟိုရောက်တော့ သုံးရာ အဲ့လိုပဲ ပေးတယ်၊ စားနပ်ရိက္ခာတွေလည်း မစီစဉ်ပေးဘူး။ နေရာထိုင်ခင်းလည်း တချို့က အဆင်မပြေဘူး၊ အဲ့တာနဲ့ကို ပြန်လာကြတာပေါ့နော်။ ကျန်တဲ့သူလည်း ကျန်ခဲ့ပါတယ်။”
ဒါ့ကြောင့် နောက်ပိုင်း အလုပ်လာကမ်းလှမ်းတဲ့အခါ လုပ်ခလစာ အတိအကျ၊ နေရာထိုင်ခင်းအစီအစဉ် စတဲ့ အချက်အလက်တွေပါတဲ့ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ်လုပ်ပြီးမှ သွားဖို့ စဉ်စားထားတယ်လို့လည်း သူက ဆိုပါတယ်။ လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်တဲ့ အုန်းဖျန်ဒုက္ခသည်စခန်းမှာလည်း အလုပ်ထွက်လုပ်ကိုင်သူက ၁၂၅ ယောက်သာ ရှိသေးတာလည်း ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူက အလုပ်ထွက်လုပ်ပြီး စခန်းမှာ ကလေးနှစ်ယောက်ကို စောင့်ရှောက်ရင်း နေခဲ့တဲ့ မအဲအဲကတော့ အလုပ်မရှိတာနဲ့စာရင် အလုပ်ထွက်လုပ်ရတာ ပိုအဆင်ပြေတယ်ဆိုပေမဲ့ မိသားစုရှိသူတွေအတွက် နေ့စားခ ဘတ် ၃၅၀ သာရတဲ့ အလုပ်က အဆင်မပြေဘူးလို့ ဆိုပါတယ်။ သူ့ ခင်ပွန်းဖြစ်သူဟာ လမ်းမျှားခြံမှာ အလုပ်သွားလုပ်တာဖြစ်ပြီး လုပ်ခလစာက နေ့စားခ တစ်ရက်ကို ဘတ် ၃၅၀ ရရှိတာလည်း ဖြစ်ပါတယ်။
အုန်းဖျန်စခန်းမှာ နေထိုင်တဲ့ မအဲအဲက “သူတို့တွေက ၃၅၀ နဲ့စာရင် ဘယ်လိုနဲ့မှတော့၊ သူတို့ဘာသာ သူတို့စားရတာပေါ့၊ စားစရာ သူတို့ဘာသာ သူတို့ခံပြီး စားရတာပေါ့၊ ဟိုမှာ ဈေးကြီးတာပေါ့၊ အစားအစာတွေက ဈေးကြီးတယ်၊ ဟင်းတွေဘာတွေ ဝယ်စားတာ ဈေးကြီးတာပေါ့နော်၊ ပျမ်းမျှ ပြန်တွက်ကြည့်တော့ တကယ်လို့ နေ့စားပဲ လုပ်ရတယ်၊ တရက် ၃၅၀ ဆိုတော့ တကယ်လို့ အလုပ်က မလုပ်ဘူးဆိုရင် နားတယ်ဆိုရင် မရဘူးပေါ့နော်။ သူတို့တွေက OT တွေ ဘာတွေလည်း မရှိဘူး၊ ၃၅၀ ဆိုတော့၊ ပြောရမယ်ဆိုရင်တော့ မိသားစုနဲ့နေတော့ သိပ်တော့ အဆင်မပြေဘူးပေါ့နော်”လို့ ပြောပါတယ်။
အုန်းဖျန်စခန်းမှာ လက်ရှိ အလုပ်လုပ်ကိုင်ခွင့် ရသွားသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရှိသူတွေ ဖြစ်ကြပြီး အသက် ၄၀ နဲ့ ၅၀ ကြားမှာလည်း အလုပ်လုပ်နိုင်တဲ့သူတွေ ရှိသေးတဲ့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ လာရောက်ကမ်းလှမ်းဖို့ကို စောင့်ဆိုင်းနေကြတယ်လို့ အုန်းဖျန်စခန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စောနီဒို့က ပြောပါတယ်။
“ကြံနဲ့ လမ်းမျှားက နောက်ထပ် လာခေါ်မယ်လို့ ကမ်းလှမ်းတာတွေ ရှိတယ်လေနော်။ အဲ့ဒါတော့ ကျနော်တို့လည်း ဒီမှာ ကြံခုတ်တို့ လမ်းမျှားခူးတာတို့၊ နွားသွားကျောင်းတာတို့ အဲ့ဒါတွေလည်း ပြောထားတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက် အတိအကျ လာပြီးတော့ ပြောမယ် အကြောင်းကြားမယ်တော့၊ လောလောဆယ်တော့ ဒီလိုပဲ ကြိုတင် အသိပေးတယ်လေနော်။ စိုက်ပျိုးရေး မွေးမြူရေးကြတော့ အသက်အရွယ် မကန့်သတ်ဘူးလေနော်။ အဲ့ဒါကြောင့် တချို့ ၄၀ ကျော်တွေကတော့ သူတို့အတွက်တော့ ကိုက်ညီတာပေါ့။”
အလုပ်လုပ်ကိုင်ခွင့်ရကြသူတွေဟာ မိသားစုလိုက် သွားရောက်လုပ်ကိုင် နေထိုင်ခွင့်ကိုပါ ခွင့်ပြုပေးဖို့ လိုလားနေကြတာလည်း ဖြစ်ပါတယ်။
ကလေးငယ်ရှိကြတဲ့ မိသားစုတွေဟာ မိဘနှစ်ပါးစလုံးက ထွက်ပြီး အလုပ်လုပ်လိုကြပြီး ကလေးငယ်တွေကို ထိုင်းနိုင်ငံက ကျောင်းတွေမှာ တက်ရောက်ခွင့် စတဲ့ အခြေအနေတွေကိုလည်း လိုလားနေကြတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကာလရှည် ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည် ၁ သိန်းကျော် ရှိတယ်လို့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) ရဲ့ ၂၀၂၅ ခုနှစ်၊ မေလအထိ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ နိုင်ငံတကာအကူအညီတွေ ရပ်သွားပြီးနောက်မှာ နှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံက တရားဝင်အလုပ်လုပ်ခွင့်ပြုကြောင်း စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
မြတ်သဇင်










