DVB Logo
Home
Lead Story
ဗင်နီဇွဲလားသမ္မတကို အမေရိကန် ဝင်ဖမ်းတာ ဥပဒေနဲ့ ညီရဲ့လား
DVB
·
January 7, 2026
ဗင်နီဇွဲလားသမ္မတကို အမေရိကန် ဝင်ဖမ်းတာ ဥပဒေနဲ့ ညီရဲ့လား
Donate to DVB

ဘာတွေ ဖြစ်ခဲ့တာလဲ 

ဇန်နဝါရီ ၃ ရက် စနေနေ့တုန်းက အမေရိကန်တပ်တွေ ဗင်နီဇွဲလားကို ဝင်တိုက်ခိုက်ခဲ့ပါတယ်။ တရားမဝင်ခေါင်းဆောင်လို့ နိုင်ငံတကာက ဝေဖန်နေကြတဲ့ နီကိုလပ်စ် မာဒူရိုနဲ့ သူ့ဇနီး စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ပ်ကတော့ မာဒူရိုကို အာဏာစွန့်ဖို့ ပြောနေတာ ကြာပါပြီ။ မာဒူရိုဟာ ဝါရှင်တန်က အကြမ်းဖက်အုပ်စုလို့ သတ်မှတ်ထားတဲ့ မူးယစ်ရာဇဝတ်ဂိုဏ်းတွေကို ကူညီထောက်ပံ့နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

အမေရိကန်မှာ တရားမဝင် မူးယစ်ဆေးသုံးစွဲမှုကြောင့် လူထောင်ချီ သေဆုံးရတာဟာ ဒီဂိုဏ်းတွေရဲ့ လက်ချက်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အမေရိကန်တပ်တွေဟာ ကာရစ်ဘီယံနဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ဗင်နီဇွဲလားကလာတဲ့ မူးယစ်ဆေးတင်သင်္ဘောတွေကို အကြိမ် ၃၀ ကျော် တိုက်ခိုက်ခဲ့လို့ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဥပဒေပညာရှင်တွေကတော့ ဒီလုပ်ရပ်ဟာ အမေရိကန်ဥပဒေရော၊ နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်ရာကျတယ်လို့ ပြောကြပါတယ်။

အမေရိကန်က ဘယ်လို အကြောင်းပြလဲ

အမေရိကန် အာဏာပိုင်တွေကတော့ တရားရေးဌာနက စစ်တပ်ရဲ့ အကူအညီကို တောင်းခံခဲ့တာလို့ ဆိုပါတယ်။ မာဒူရို၊ သူ့ဇနီး၊ သားဖြစ်သူ၊ နိုင်ငံရေးခေါင်းဆောင် နှစ်ယောက်နဲ့ နိုင်ငံတကာ ဂိုဏ်းခေါင်းဆောင်တယောက်တို့ကို နယူးယောက် တရားရုံးက စွဲချက်တင်ထားတာကြောင့်လို့ ဆိုပါတယ်။ သူတို့ကို အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတွေနဲ့ စွဲချက်တင်ထားတာပါ။ 

ရှေ့နေချုပ် ပမ် ဘွန်ဒီကတော့ “တရားခံတွေဟာ မကြာခင်မှာ အမေရိကန်မြေပေါ်က အမေရိကန်တရားရုံးမှာ အမေရိကန်ရဲ့ ထိရောက်ပြင်းထန်တဲ့ တရားစီရင်ရေးကို ခံစားရတော့မယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထရမ့်ပ်က ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ ရေနံအကျိုးစီးပွားတွေကို ခိုးယူတယ်လို့ အပြစ်တင်ပါတယ်။ ဒါတွေကို ပြန်ယူမယ်၊ ဗင်နီဇွဲလားကို အချိန်အတိုင်းအတာတခုအထိ ဝင်ရောက်အုပ်ချုပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထည့်ပြောမသွားပါဘူး။

နိုင်ငံတကာဥပဒေ ပညာရှင်တွေကတော့ ထရမ့်ပ်အစိုးရဟာ ဥပဒေကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်နေတယ်လို့ ဆိုပါတယ်။ ဥပဒေအရ အရေးယူဆောင်ရွက်တာလို့ပြောလိုက်၊ တိုင်းပြည်ကို ရေရှည်အုပ်ချုပ်ဖို့ ခြေလှမ်းတခုလို့ ပြောလိုက် လုပ်နေတာပါ။ 

Northeastern တက္ကသိုလ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင် ဂျယ်ရမီပေါလ်က “ဥပဒေအရ အရေးယူဆောင်ရွက်တာလို့ပြောပြီးမှ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လိုတယ်လို့ ပြန်ပြောင်းပြောလို့ မရပါဘူး။ လုံးဝ အဓိပ္ပာယ်မရှိပါဘူး” လို့ ပြောပါတယ်။

ဥပဒေက ဘာပြောလဲ

အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ စစ်ကြေညာခွင့် အာဏာရှိပေမဲ့ သမ္မတကတော့ စစ်သေနာပတိချုပ် ဖြစ်ပါတယ်။ ပါတီနှစ်ခုစလုံးက သမ္မတတွေဟာ စစ်ပွဲကြီးအသွင်မဆောင်တဲ့ အကန့်အသတ်နဲ့လုပ်တဲ့ စစ်ဆင်ရေးမျိုးတွေ၊ အမျိုးသားအကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စတွေဆိုရင် (လွှတ်တော်ခွင့်ပြုချက်မယူဘဲ) စစ်ရေးအရ အရေးယူဆောင်ရွက်လေ့ ရှိကြပါတယ်။ ထရမ့်ပ်ရဲ့ အိမ်ဖြူတော်အရာရှိချုပ် စူဇီ ဝိုင်းလ်စ်ကတော့ ထရမ့်ပ်အနေနဲ့ ဗင်နီဇွဲလား မြေပြင်ပေါ်မှာ စစ်ဆင်ရေးလုပ်မယ်ဆိုရင် ကွန်ဂရက်ရဲ့ ခွင့်ပြုချက်လိုလိမ့်မယ်လို့ ပြီးခဲ့တဲ့နှစ် Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောဖူးပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို ကတော့ စနေနေ့ စစ်ဆင်ရေးမတိုင်ခင် ကွန်ဂရက်ကို အသိမပေးခဲ့ဘူးလို့ ပြောပါတယ်။ နိုင်ငံတကာဥပဒေအရ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အင်အားသုံးခွင့်ကို တားမြစ်ထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ခွင့်ပြုချက်ရတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာမျိုးလောက်ပဲ ခြွင်းချက်ရှိတာပါ။ မူးယစ်‌ဆေးကုန်ကူးတာတို့၊ ဂိုဏ်းဖွဲ့အကြမ်းဖက်တာတို့ဟာ ရာဇဝတ်မှုတွေသာ ဖြစ်ပါတယ်။ ဥပဒေပညာရှင်တွေ အဆိုအရတော့ ဒါဟာ စစ်ရေးအရ တုံ့ပြန်ရလောက်တဲ့ လက်နက်ကိုင် ပဋိပက္ခအဆင့် မဟုတ်ပါဘူး။

ကိုလံဘီယာတက္ကသိုလ်က အမျိုးသားလုံခြုံရေး ဥပဒေပညာရှင် မက်သရူး ဝက်စ်မန်းက “ရာဇဝတ်မှုနဲ့ စွဲချက်တင်ထားရုံနဲ့ နိုင်ငံခြားအစိုးရတရပ်ကို ဖြုတ်ချဖို့ စစ်အင်အားသုံးခွင့် မရှိပါဘူး။ အစိုးရအဖွဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါဆိုတဲ့ ခေါင်းစဉ်ကိုပဲ တပ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

အရင်ကကော ဒီလိုရှိခဲ့ဖူးလား 

အမေရိကန်ဟာ အရင်က လစ်ဗျားလို နိုင်ငံမျိုးတွေမှာ သံသယရှိသူတွေကို ဝင်ဖမ်းဖူးပါတယ်။ ဒါပေမဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ သဘောတူညီချက် ရယူလေ့ရှိပါတယ်။ အခုကိစ္စမှာ မာဒူရိုကို တရားမဝင်ဘူးလို့ ပြောပေမဲ့ သူ့ကိုဖမ်းဖို့ ခွင့်ပြုပေးမဲ့ တခြားခေါင်းဆောင်ကိုလည်း ဝါရှင်တန်က အသိအမှတ်ပြုထားတာ မရှိပါဘူး။

၁၉၈၉ တုန်းက ပနားမားခေါင်းဆောင် ဗိုလ်ချုပ်ကြီး မန်နူရယ် နိုရီဂါကို ဖမ်းတုန်းကတော့ ဒီလိုပုံစံမျိုးပါပဲ။ နိုရီဂါဟာ မူးယစ်ဆေးမှုနဲ့ စွဲချက်တင်ခံထားရသူပါ။ ပနားမားတပ်ဖွဲ့တွေက အမေရိကန်စစ်သားတယောက်ကို သတ်လိုက်ပြီးနောက်မှာ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့ဆိုပြီး ဝင်ဖမ်းခဲ့တာပါ။ အမေရိကန်က နိုရီဂါကို တရားမဝင်ဘူးလို့ သတ်မှတ်ပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ ပြိုင်ဘက်ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

ဟွန်ဒူးရပ်စ် သမ္မတဟောင်း ဟွမ် အော်လန်ဒို ဟာနန်ဒက်စ်ဆိုရင် ၂၀၂၂ မှာ အမေရိကန်ကို လွှဲပြောင်းပေးခံရပြီး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၄၅ နှစ် ချခံခဲ့ရပါတယ်။ ဒီဇင်ဘာလတုန်းကတော့ ထရမ့်ပ် က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

နိုင်ငံတကာဥပဒေမှာ အရေးယူနိုင်တဲ့ ယန္တရား အားနည်းတာကြောင့် ဗင်နီဇွဲလားကိစ္စမှာ အမေရိကန်အနေနဲ့ တာဝန်ခံရဖို့ မရှိဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ 

“အစိုးရအဖွဲ့ကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် ဥပဒေအဖွဲ့အစည်း ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပေါလ်က ပြောပါတယ်။

တွမ်ဟေးစ် နှင့် အန်ဒရူးဂရုစ်ဝဒ်

Source: Reuters

(ရိုက်တာသတင်းတွင်  Tom Hals  နှင့်  Andrew Goudsward တို့ ရေးသားထားသည့်  “Was the US capture of Venezuela's president legal?” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013