DVB Logo
Home
မြန်မာသတင်း
JOC စက်ရုံ ပိတ်သိမ်းမည့်အခြေအနေ ရှိနေသဖြင့် အလုပ်သမားများ စိုးရိမ်
DVB
·
January 7, 2026
JOC စက်ရုံ ပိတ်သိမ်းမည့်အခြေအနေ ရှိနေသဖြင့် အလုပ်သမားများ စိုးရိမ်
Donate to DVB

လုပ်ခလစာကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်နေတဲ့ JOC အထည်ချုပ်စက်ရုံဟာ ပိတ်သိမ်းမဲ့ အရိပ်အယောင် တွေ့နေရတဲ့အတွက် အလုပ်သမားတွေ စိုးရိမ်နေကြတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန်မှာ အလုပ်သမား ၁,၀၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် JOC စက်ရုံကို အရင်က COSTEC နာမည်နဲ့ ဖွင့်ခဲ့တာဖြစ်ပြီး ပိုင်ရှင်အသစ်ပြောင်းပြီး နောက်ပိုင်း လုပ်ခလစာ လျော့နည်းသွားတဲ့အတွက် အလုပ်သမားတွေက လုပ်ငန်းခွင်ထဲ သပိတ်မှောက် တောင်းဆိုတာကို ဒီဇင်ဘာ ၂၉ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ပိုင်ရှင်အသစ်ရောက်လာပြီးနောက် အရင်ထက် လစာကျပ် တသိန်းခွဲကျော် လျော့သွားတဲ့အတွက် လုပ်ငန်းခွင်အတွင်း တောင်းဆိုနေချိန်မှာ စက်ရုံဘက်က အထည်ပိတ်စလိတ်တွေ သယ်ထုတ်ပြောင်းရွှေ့ကာ ပိတ်သိမ်းမဲ့ အရိပ်အယောင် တွေ့နေရတာလို့ STUM မှ တာဝန်ရှိသူက ပြောပါတယ်။

“ညှိနှိုင်းဆွေးနွေးတာ မပြီးပြတ်သေးခင် ပိတ်သိမ်းမဲ့ အခြေအနေ မြင်နေရလို့ အလုပ်သမားတွေက စိုးရိမ်နေတာ။ အဲဒီစက်ရုံက ဖွင့်ထားတာလည်းကြာပြီ။ ပိုင်ရှင် တယောက်ပြီးတယောက် ပြောင်းနေတာ။ အခုနောက်ဆုံး ပိုင်ရှင်ရောက်လာမှ လုပ်ခတွေ လျော့သွားလို့ အလုပ်သမားတွေရဲ့ တောင်းဆိုတာတွေ ဖြစ်လာတာ။”

စက်ရုံတာဝန်ရှိသူတွေကလည်း လုပ်ငန်းဆက်လည်ပတ်ဖို့ အောက်ဆုံးအဆင့်ရောက်နေပြီဆိုပြီး အလုပ်သမားတွေကို အသိပေးပြောဆိုထားတယ်လို့ ဆိုပါတယ်။

စက်ရုံလုပ်သားတွေက တရက်လုပ်ခ ၁၂,၀၀၀ ကျပ် သတ်မှတ်ပေးဖို့၊ အိုတီကြေး၊ ရက်မှန်ကြေး၊ ဂရိတ်ကြေးတွေကို အရင်အတိုင်းပြန်ပေးဖို့၊ အထည်ကြေးကို တပတ်တကြိမ် စနစ်တကျ ရှင်းပေးဖို့နဲ့ ယူနီဖောင်းပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဆွေးနွေးတာ ၃ ကြိမ်ရှိခဲ့ပြီး ပြေလည်မှုမရသေးဘူးလို့ STUM တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစက်ရုံမှာ အရင်က ZARA အမှတ်တံဆိပ် အထည်တွေကို ချုပ်လုပ်ခဲ့တာဖြစ်ပြီး JOC အထည်ချုပ်စက်ရုံနာမည်ပြောင်းပြီးနောက် LC Wakiki၊ X Shelter၊ ZERO STAGE နဲ့ Colopuca အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတာလို့ STUM က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013