
ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း အန်သနီဂျော်ရှုအာ ဒဏ်ရာရရှိခဲ့ပြီး သူရဲ့မိတ်ဆွေ ၂ ယောက် သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို တရားစွဲဆိုထားတယ်လို့ နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်အီဘာဒန် အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုနဲ့ ဆက်စပ်ပြီး ဂျော်ရှုအာရဲ့ ကားဒရိုင်ဘာဖြစ်သူ အသက် ၄၆ နှစ်အရွယ် အာဒဲနယီ မိုဘိုလာဂျီ ကားယို့ဒေကို မနေ့က ဆာဂါမူ အောက်တရားရုံးမှာ ရုံးထုတ်ခဲ့ကြောင်း အိုဂွန်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ ကားယို့ဒေကို အန္တရာယ်ရှိတဲ့ မောင်းနှင်မှုကြောင့် လူသေဆုံးရမှု အပါအဝင် စွဲချက် ၄ ခုနဲ့ တရားစွဲဆိုထားကြောင်း ရိုက်တာကို ပြောကြားခဲ့ပြီး ဒီအမှုကို ဇန်နဝါရီ ၂၀ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။
ကားယို့ဒေကို နိုင်ရာငွေ ၅ သန်း (ဒေါ်လာ ၃,၄၉၉ ခန့်) အာမခံငွေကို အာမခံပေးသူ ၂ ယောက် က ပေးအပ်ခဲ့ပေမဲ့ စည်းကမ်းချက်တွေ ပြည့်မီသေးခြင်း မရှိသေးတဲ့အတွက် ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က အသက် ၃၆ နှစ်အရွယ် ဂျော်ရှုအာ စီးနင်းလာတဲ့ Lexus SUV ကားဟာ တခြားကားတစီးနဲ့ တိုက်မိခဲ့ရာမှာ ဂျော်ရှုအာက ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပေမဲ့ သူနဲ့အတူ လိုက်ပါလာသူ ၂ ယောက်က ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။
ကနဦး စုံစမ်းတွေ့ရှိချက်တွေအရ အဲဒီကားဟာ မြန်နှုန်းမြင့်နဲ့ မောင်းနှင်နေခဲ့ပြီး ရပ်ထားတဲ့ ထရပ်ကားတစီးကို ဝင်တိုက်မိခဲ့သလို အဲဒီနောက်မှာလည်း မှားယွင်းစွာ ကျော်တက်ဖို့ ကြိုးစားခဲ့ကြောင်း FRSC က ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ နိုင်ဂျီးရီးယားမိဘတွေက မွေးဖွားခဲ့တဲ့ ဂျော်ရှုအာကို စစ်ဆေးဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး သူ့ရဲ့ အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ပွဲစီစဉ်သူ Matchroom Boxing ကုမ္ပဏီက ပြောပါတယ်။
နိုင်ဂျီးရီးယား သမ္မတ ဘိုလာတီနူဘူကလည်း ဂျော်ရှုအာနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်ကို “ဝမ်းနည်းစရာ မတော်တဆမှု” လို့ ခေါ်ဆိုခဲ့ပါတယ်။
ဒီမတော်တဆမှုဟာ ဂျော်ရှုအာက မိုင်ယာမီမှာ ကျင်းပတဲ့ ပွဲစဉ်တခုမှာ အမေရိကန် ကြယ်ပွင့် ဂျိတ် ပေါလ်ကို အလဲထိုး အနိုင်ရခဲ့ပြီး တပတ်ကျော်အကြာမှာပဲ ဖြစ်ပွားခဲ့တာပါ။ ဂျော်ရှုအာဟာ အခုနှစ်နှောင်းပိုင်းမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖျူရီနဲ့ ယှဉ်ပြိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Reuters










