DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကြံ့ခိုင်ရေးပါတီက ဦးဆောင်နေ
DVB
·
January 3, 2026
ရန်ကုန်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကြံ့ခိုင်ရေးပါတီက ဦးဆောင်နေ
Donate to DVB

ဒီဇင်ဘာ ၂၈ ရက် စစ်တပ်ရဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းက မဲအရေအတွက် အသာစီးနဲ့ ဦးဆောင်နေတယ်လို့ ကာယကံရှင်နဲ့ ရခိုင်ဒေသခံတွေကပြောပါတယ်။

ရန်ကုန်တိုင်းရှိ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည့်သူရှေ့ဆောင်ပါတီ၊ ကျားဖြူပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီနဲ့ တသီးပုဂ္ဂလ အမတ်တယောက်တို့ ယှဉ်ပြိုင်တာဖြစ်ပြီး ရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီက ဦးနေမင်းထွန်းက မဲအများဆုံး ဦးဆောင်နေတာလို့  ဦးနေမင်းထွန်းနဲ့ ရန်ကုန်ရောက်ရခိုင်အသိုက်အဝန်းက ပြောပါတယ်။

အစောပိုင်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ပါတီ ၅ ပါတီနဲ့ တသီးပုဂ္ဂလအဖြစ် ၂ ယောက် စာရင်းသွင်းထားကြတာဖြစ်ပြီး အနိုင်ရရှိဖို့ တစ်ပြေးနေသူ တသီးပုဂ္ဂလ ဦးတင်ထူးအောင်ကို ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ) နဲ့ ငြိစွန်းတယ်ဆိုပြီး ပယ်ဖျက်လိုက်လို့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းက အနိုင်ရရှိဖို့ အသာစီးရရှိခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဦးနေမင်းထွန်းက “ကျနော်က အခြေအနေကောင်းနေပါတယ်။ ဒီလောက်ပဲ ပြောပိုင်ခွင့်ရှိပါတယ်။ ကော်မရှင်က မထုတ်ပြန်သရွေ့ ကျနော်တို့က ပြောပိုင်ခွင့်ရှိပါတယ်။ ကျနော် အများကြီး အခြေအနေကောင်းနေတယ်လို့ပဲ ပြောနိုင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက ပြောကြားထားပါတယ်။

ဒါ့အပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ယှဉ်ပြိုင်နေတဲ့ ဒေါ်အေးမာလွင်ကလည်း “ယခု ရွှေဘ ရှုံးနေသည်။ နောက်တော့ နိုင်မည်ဟု”  သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းကို ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ အလုံ မြို့နယ် ၁၂ ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒုတိယပိုင်းနဲ့ တတိယအပိုင်းကို ဇန်နဝါရီ ၁၁ ရက်နဲ့ ဇန်နဝါရီ ၂၅ ရက်တို့မှာ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာ မြို့နယ် ၁၂ သာ ရှိသေးတာကြောင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် အဖြေမထွက်နိုင်သေးဘူးလို့ ရန်ကုန်ရောက် ရခိုင်လူငယ်တယောက်က ပြောပါတယ်။

“ရန်ကုန်ရောက် ရခိုင်တွေကတော့ ရွေးကောက်ပွဲအပေါ်မှာ သိပ်စိတ်ဝင်စားကြပုံတွေ မတွေ့ရဘူး။ လက်ရှိ အပိုင်း ၁ အရတော့ ကြံ့ဖွံ့အမတ်လောင်း ဦးဆောင်နေတယ်လို့ ပြောသံကြားနေရတယ်။ တရားဝင် မဲရလဒ် ထုတ်ပြန်တာတော့ မရှိသေးဘူး။ လက်ရှိ ကျင်းပခဲ့တဲ့ မြို့နယ်တွေမှာလည်း ရခိုင်တွေ အများဆုံးနေထိုင်ကြတဲ့ မြို့နယ်တွေ ကျန်နေသေးတာကြောင့် ဆက်လက်ပြီး စောင့်ကြည့်ရဦးမယ့် သဘောမှာရှိနေတယ်။” 

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃ ခုမှာတော့ ရခိုင်နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ဟာ ကြံ့ခိုင်ရေးပါတီက အမတ်တွေကို ရှုံးနိမ့်ခဲ့ကြပြီး စစ်တွေနဲ့ ကျောက်ဖြူမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရကာ မာန်အောင်မှာ AFP က ၂ နေရာနိုင်ပြီး RNP က တနေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အစောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013