DVB Logo
Home
မြန်မာသတင်း
ဟွန်ဒူးရပ်စ်၊ နီကာရာဂွါနှင့် နီပေါနိုင်ငံသားများ၏ ယာယီခိုလှုံခွင့် မဖျက်သိမ်းရန် တရားသူကြီး အမိန့်ချ
DVB
·
January 2, 2026
ဟွန်ဒူးရပ်စ်၊ နီကာရာဂွါနှင့် နီပေါနိုင်ငံသားများ၏ ယာယီခိုလှုံခွင့် မဖျက်သိမ်းရန် တရားသူကြီး အမိန့်ချ
Donate to DVB

ဟွန်ဒူးရပ်စ်၊ နီကာရာဂွါနဲ့ နီပေါနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို အမေရိကန်အစိုးရက မဖျက်သိမ်းဖို့ ပြည်ထောင်စုတရားသူကြီး Trina Thompson က ဒေသစံတော်ချိန် ဇန်နဝါရီ ၁ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

အမေရိကန်နိုင်ငံရေးစနစ်ဟာ တဦးတယောက် (ဒါမှမဟုတ်) အစုအဖွဲ့တခုရဲ့ သဘောဆန္ဒနဲ့ ဆုံးဖြတ်ချက်ချတာမျိုးတွေ လုပ်လို့ရတဲ့ နိုင်ငံရေးစနစ်မျိုး မဟုတ်ဘူးလို့ တရားရုံး ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပြီး TPS ရုပ်သိမ်းခံရသူတွေဟာ မတရားဘူးထင်ရင် တရားရုံးမှာ ပြန်လည်တရားစွဲပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

ထရမ့်ပ်အစိုးရရဲ့ အုပ်ချုပ်ရေးက TPS ကို ရပ်ဆိုင်းမယ် ဆိုတာမျိုးတွေ ဆက်မလုပ်ဖို့အတွက် ပိတ်ပင်နိုင်ခြေရှိတဲ့ လုပ်ထုံးလုပ်နည်း ဆုံးဖြတ်ချက်တွေကို တရားရုံးတွေက ချမှတ်ထားပြီး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် အကြောင်းပြချက်ခိုင်လုံတဲ့ နိုင်ငံတွေဟာလည်း TPS အရေးမှာ တရားရုံးရဲ့ အကာအကွယ် ရလာနိုင်ဖွယ်ရှိတယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အခုလို ဆုံးဖြတ်ချက်တွေကို တရားရုံးက ဘာလို့ချနိုင်လဲဆိုရင် တကယ့်ကို အမိမြေလုံခြုံရေးအတွက် ဆိုတာမျိုး မဟုတ်ဘဲနဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ ရှိနေတာမျိုး၊ သူတို့ သံသယဖြစ်ရင်၊ လူမျိုးရေးခွဲခြားမှုတွေ အဲဒီလိုမျိုး ခွဲခြားမှုတွေလိုမျိုး ရှိနေတယ်လို့ သံသယဖြစ်တယ် ဆိုလို့ရှိရင် သူတို့တွေဟာ ဒီလိုမျိုးဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်လေ့ရှိတယ်။ တရားရုံးရဲ့ ထုတ်ပြန်ချက်က ၅၂ မျက်နှာလောက်ရှိတယ်။ တချို့သက်သေ အထောက်အထားတွေဟာ အရမ်းကို ခိုင်မာပြီးတော့ များပြားလွန်းတဲ့အတွက် သူတို့အနေနဲ့ အမိမြေလုံခြုံရေးဌာနရဲ့ ဝန်ကြီး ဒါတွေကို မသိဘူးဆိုတာ သူတို့ အရမ်းကို အံ့ဩမိတယ်ဆိုတဲ့ မှတ်ချက်မျိုးတွေအထိ ပေးထားတာတွေ ရှိတယ်” လို့ ပြောပါတယ်။

အမေရိကန်ရောက် TPS နဲ့နေထိုင်သူ မြန်မာတွေကိုယ်စား Asian- American Legal Defence and Education Fund (AALDEF) နဲ့ International Refugee Assistance Project (IRAP) တို့က ထရမ့်ပ်အစိုးရကို ဒီဇင်ဘာ တတိယအပတ်မှာ တရားပြန်စွဲထားကြောင်း သတင်းထုတ်ပြန်ပါတယ်။

တရားလိုအဖြစ် မြန်မာ ၆ ယောက် ပါဝင်တဲ့ တရားစွဲဆိုမှုနဲ့ ယာယီခိုလှုံခွင့် TPS ကို လွယ်လင့်တကူ မဖျက်ဘဲ အစိုးရက ပြန်လည်ခွင့်ပြုပေးဖို့ တရားရုံးမှာ တိုက်တွန်း တောင်းဆိုထားတာပါ။

လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ  ဂျိမ်းစ်ရွှေက  “အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ကတော့ ရွေးကောက်တာ သမ္မတ တယောက်ပဲ ရှိတာကိုး။ အုပ်ချုပ်ရေးမှာ သမ္မတက ရွေးပြီးတော့ ကွန်းဂရက်စ်က အတည်ပဲပြုပေးတဲ့လူတွေလေ။ သမ္မတကတော့ မဲလိုက်ဆွယ်တုန်းက ပြောခဲ့တဲ့ဟာတွေကို သူ လုပ်ပြရမှာပဲလေ။ လုပ်မပြဘူးဆိုရင် သူ ထပ်အရွေးမခံဘူး ဆိုရင်တောင်မှ သူ့ပါတီက နာမည်သိပ်မကောင်းဘူးပေါ့နော်။ အဲဒီတော့ လုပ်တော့လုပ်မှာပဲ၊ အုပ်ချုပ်ရေးက သူတို့ ဘယ်လောက်တွန်းလို့ရမလဲ ဆိုတာ သွေးတိုးစမ်းတာပေါ့လေ။ အဲဒီတော့ ရသလောက်တွန်းမှာပဲ။ ဒီမိုကရေစီ ရှိနေသေးသရွေ့တော့ လက်လွတ်စပယ် ကိုယ်လုပ်ချင်တိုင်း လုပ်လို့မရဘူးပေါ့ဗျာ။ ဒီမိုကရေစီပျက်သွားရင်တော့ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားရခက်တာပေါ့။ ဒါပေမဲ့ ဒီမိုကရေစီ ပျက်ဖို့ကလည်း စစ်တပ်တွေ ပြည်သူလူထုအများစု ထောက်ခံမှ​ ပျက်မှာကိုး” လို့ ပြောပါတယ်။

အမေရိကန်အစိုးရ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာ ၂၄ ရက်မှာ မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို ဖျက်သိမ်းကြောင်း ကြေညာထားတာပါ။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာကနေ TPS နဲ့ ရောက်ရှိနေထိုင်သူ ၁ သန်းဝန်းကျင် ရှိနေပြီး အဲ့ဒီအထဲမှာ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ပါဝင်ပါတယ်။

လတ်တလော အဓိက စိန်ခေါ်ချက် ၂ ခုကတော့ တရားရုံးတွေက TPS သမားတွေဘက်ကနေ ဘယ်လောက်အတိုင်းအတာအထိ ရပ်တည်ဆုံးဖြတ်ပေးမလဲ၊ တရားရေးရဲ့ဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးဘက်က မလိုက်နာရင် ပြဿနာရှိလာနိုင်တဲ့အတွက် အပြန်အလှန် တရားရင်ဆိုင် နေရချိန်မှာ လုပ်ငန်းစဉ်အားလုံး အထွေထွေဆိုင်းငံ့ပြီး TPS သမားတွေဘက်က တရားရေးရဲ့ အကာကွယ်ကို ရနိုင်မလား ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

TPS ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာရှေ့နေ၊ ဥပဒေကျွမ်းကျင် အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်တွေရယူပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက အကြံပြုပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013