DVB Logo
Home
မြန်မာသတင်း
ပုလော ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဆရာမကြီးနှင့် ခင်ပွန်းအသတ်ခံရမှု အမှုမှန်ပေါ်ရန် တောင်းဆို 
DVB
·
January 1, 2026
ပုလော ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဆရာမကြီးနှင့် ခင်ပွန်းအသတ်ခံရမှု အမှုမှန်ပေါ်ရန် တောင်းဆို 
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် တရားမျှတမှုရရှိရေး၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂနဲ့ တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်း ၁၄ ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်မှာ တောင်းဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က ပုလောမြို့နယ်၊ ဆားခဲရွာမှာ နေထိုင်တဲ့ ပုလောမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်က သူတို့ရဲ့ နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတာပါ။

KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ မှာ ချုပ်နှောင်ခံထားရတဲ့ အပြစ်သား ၄ ယောက်ဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့ မောင်ဝင်းစိုးတို့ဟာ အကျဉ်ခန်းက ထွက်ပြေးပြီး ဆရာမဒေါ်အေသီအောင်ဆီ သွားရောက်ကာ ထမင်းသွားတောင်းစားရာမှာ မပေးတဲ့အတွက် ဓားနဲ့ခုတ်သတ်ခဲ့တာလို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂကတော့ ဒီဖြစ်စဉ်ဟာ မဖြစ်နိုင်ဘဲ သေဆုံးသူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေဟာ မသေမချင်း ရက်ရက်စက်စက် သတ်ဖြတ်ထားတာ ပေါ်လွင်ထင်ရှာတဲ့အတွက် လူသတ်မှု ကျူးလွန်သူတွေရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှု ရှိနိုင်တယ်လို့လည်း ယူဆနေကြပြီး တရားခံအစစ်အမှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂ အဖွဲ့ဝင်တယောက်က “ကွဲလွဲတာတော့ တော်တော်လေးကွဲလွဲပါတယ်၊ သတင်းမှာ ထုတ်ပြန်တာကျတော့ Accidential case ဖြစ်အောင် ရည်ရွယ်ထားတာပေါ့နော်။ တရားခံအစစ်အမှန်ကိုပဲ ဖော်ထုတ်ချင်တယ်ပေါ့နော်။ တရားခံဖော်ထုတ်တဲ့နေရာမှာ ဒီလိုမျိုး ခုံရုံးဖွဲ့ပြီး အများမြင်သာတဲ့ ပြည်သူက လိုလားတဲ့ အခြေအနေဖြစ်အောင် လိုချင်တယ်။ ဒါမှပဲ မြေပြင်မှာရှိတဲ့ CDM ဆရာမတွေရဲ့ စိတ်လုံခြုံမှုအတွက်ပေါ့နော်” လို့ ပြောပါတယ်။

KNU မြိတ်--ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကျူးလွန်သူတွေဟာ ဆရာမတို့လင်မယားကို သတ်ဖြတ်ခဲ့ပြီးနောက် သေဆုံးသူတွေရဲ့ လက်ဝတ်ရတနာ နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက်တို့ကို ယူဆောင်ကာ ထိုင်းနိုင်ငံသွားဖို့ ကြိုးပမ်းနေချိန် ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။ 

ကျူးလွန်သူ ၄ ယောက်ကိုလည်း စုံစမ်းစစ်ဆေးပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေတရားဥပဒေနဲ့အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ဆိုထားပါတယ်။

တနင်္သာရီဒေသတွင်းက ပညာရေး၊ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေကတော့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဆရာမဒေါ်အေသီအောင် သေဆုံးမှုကို စုံစမ်းဖို့ အဖွဲ့အစည်း ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အမှုကို လွတ်လပ်စွာစစ်ဆေးခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

KNU ကတော့ ရဲဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်လို့ အချက်အလက်တွေကို အတည်မပြုနိုင်သေးလို့ မြေပြင်တာဝန်ခံ မြို့နယ်ရဲမှူးနဲ့ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး  ပဒိုစောအယ်နားက “မှုခင်းတခုခုဖြစ်တဲ့အချိန်မှာ ရဲက တာဝန်ရှိတယ်၊ ရဲက စုံစမ်းစစ်ဆေးရေးလုပ်တဲ့အချိန် ကျနော်တို့မှာ ဘာမှ ၁၀၀ ရာခိုင်နှုန်း အတည်ပြုလို့မရသေးဘူး။ ဒီထက်ပိုပြီးတော့ သံသယမှုတွေ များလာတာပေါ့နော်၊ ကျနော်တို့က စုံစမ်းစစ်ဆေးရေးပြီးတဲ့အခါ သတင်းထုတ်ပြန်မယ်။ ဆောင်ရွက်နေတဲ့ အချိန်မှာလည်း မြေပြင်မှာရှိတဲ့ တော်လှန်ရေးတာဝန်ခံတွေလည်း ကျနော်တို့ ကြိုဆိုတယ်၊ ပူးပေါင်းလုပ်ဆောင်ကြဖို့ပါ” လို့ ပြောပါတယ်။

လက်ရှိမှာ အမှုမှန်မပေါ်မချင်း ပုလောမြို့နယ်မှာ ပညာရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နေကြတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေရဲ့ ဘဝနေထိုင်မှု မလုံမခြုံ ခံစားနေရတဲ့အတွက် အမှုမှန်ပေါ်ပေါက်‌တဲ့အထိ မြေပြင်ပညာရေးလုပ်ငန်းတွေကို ရပ်နားထားမယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013