
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ဥယျာဥ်ခြံလုပ်သားတွေကို ရွာပြန်ပြီး မဲထည့်ဖို့ အမိန့်ထုတ်စေခိုင်းထားပြီး အလုပ်သမားတွေမရှိချိန် စစ်တပ်က ဝင်ရောက်လာကာ ဥယျာဥ်ခြံအတွင်းက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကော့သောင်းမြို့နယ်၊ မလိဝမ်းရွာနဲ့ ဘန်းကချွန်ရွာကြားရှိ ဥယျာဥ်ခြံတွေဆီ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်လောက်နဲ့ ရောက်ရှိလာပြီး ရာဘာပြားတွေနဲ့ ဆိုင်ကယ်တွေကို ခိုးယူသွားတာလို့ ရွာသားတွေကပြောပါတယ်။
မလိဝမ်းရဲစခန်းမှူးက ဥယျာဥ်ခြံပိုင်ရှင်တွေဆီ ဖုန်းနဲ့ ဆက်သွယ်ကာ ဥယျာဥ်ခြံအလုပ်သမားတွေကို ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီနောက်ဆုံးထားပြီး ကျေးရွာတွေဆီ ပြန်လာကာ ရွေးကောက်ပွဲအတွက် မဲလာထည့်ဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ရွာထဲပြန်ရောက်ချိန် ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေက ဥယျာဥ်ခြံတွေဆီ စစ်ကြောင်းထိုးလာပြီး ရာဘာပြားနဲ့ ဆိုင်ကယ်တွေအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “မလိဝမ်းရဲစခန်းမှူးက ခြိမ်းခြောက်ပြီး မဲလာထည့်ခိုင်းတယ်။ ကျနော်တို့က ရွာကိုပြန်လာနေချိန် ခြံထဲမှာ စစ်တပ်က ရာဘာပြားနဲ့ ဆိုင်ကယ်တွေ ယူသွားတယ်။ တချို့ခြံတွေမှာ ရာဘာပြား ၂,၀၀၀ ကျော်လောက်ခိုးသွားတာ”လို့ ပြောပါတယ်။
မဲထည့်ရာမှာ အိမ်ထောင်စုစာရင်းမရှိသူတွေကိုပါ မဲထည့်ရမယ်လို့ ပြောဆိုထားပြီး အဆိုပါ အချိန်အတွင်း ပြန်မလာဘဲ ဥယျာဥ်ခြံမှာ ဆက်လက်နေထိုင်သူတွေကို စစ်ကြောင်းထိုးရှင်းလင်းရာမှာ တွေ့ရှိပါက PDF အဖြစ်သတ်မှတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နိုင်ပြီး ထိမှန်မှုအတွက် တာဝန်မယူကြောင်း မလိဝမ်းရဲစခန်းမှူမှ ဒေသခံတွေဆီ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
Source: Reuters










