DVB Logo
Home
မြန်မာသတင်း
ပြစ်ဒဏ်ကျပြီး လွတ်မြောက်လာသည့် မြန်မာ ၁၀၄ ဦး ထိုင်းက ကော့သောင်းဘက် ပြန်ပို့
DVB
·
December 4, 2025
ပြစ်ဒဏ်ကျပြီး လွတ်မြောက်လာသည့် မြန်မာ ၁၀၄ ဦး ထိုင်းက ကော့သောင်းဘက် ပြန်ပို့
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်း လဝကအချုပ်ရုံးမှာ ပြစ်ဒဏ်ကျနေတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၀၄ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ကို ဒီဇင်ဘာ ၃ ရက် မနက် ၁၁ နာရီခွဲလောက်က နေရပ် ပြန်လည်လွှဲပြောင်း ပို့ဆောင်ခဲ့တယ်လို့ ရနောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးမှ လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံက အမျိုးသား ၈၁ ယောက်၊ အမျိုးသမီး ၂၃ ယောက်တို့ကို ရနောင်းမြို့ အကောက်ခွန် ဆိပ်ခံတံတားကနေတဆင့် ကော့သောင်းလှေဆိပ်ဆီကို လွှဲပြောင်းပို့ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး အခုလို နေရပ်ပြန်ပို့နေကာ အခုပြန်ပို့ခံရသူ ၁ဝ၄ ယောက်ထဲက လူငယ်ပိုင်းအရွယ်တွေဟာ စစ်မှုထမ်း စုဆောင်းခံရဖို့ လုံးဝသေချာတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

“ဟိုအရင်က နယ်စပ်ရုံးရောက်ပြီဆိုရင် ပိုက်ဆံနဲ့ထုတ်ရတယ်။ အခုက ထုတ်မရတော့ဘူး။ ရနောင်း ထိုင်းအစိုးရက မအလနဲ့ပေါင်းပြီးတော့ တခါတည်း စစ်မှုထမ်း လူပို့ပေးနေတာပါ။ အဲဒီလမ်းကြောင်းကို ပိတ်ပေးမဲ့အဖွဲ့အစည်းတွေရှိရင် ကျေးဇူးအရမ်းတင်မှာပါ။”

ကော့သောင်းလှေဆိပ်ဆီ ရောက်လာပြီးနောက် အဆိုပါ နေရပ်ပြန်ပို့ခံရတဲ့ ၁၀၄ ယောက်ရဲ့ နောက်ဆက်တွဲ အခြေအနေ သတင်းတွေကို ထပ်မသိရသေးဘဲ စစ်မှုထမ်း ဘယ်နဦးပါမလဲ ဆိုတာတော့ လိုက်လံမေးမြန်း စုံစမ်းနေဆဲဖြစ်တယ်လို့ ကော့သောင်းမြို့ခံတယောက်က ပြောပါတယ်။

“သက်ကြီးပိုင်းတွေလောက်ပဲ ပြန်လွှတ်လိုက်မယ် ထင်တယ်။ ခုတော့ ဘာမှမပြောနိုင်သေးဘူး။ တပ်ထဲ ဘယ်နှယောက် ပါသွားလဲ စုံစမ်းနေတုန်းပါ။”

ထိုင်းနိုင်ငံက နေရပ်ပြန်ပို့ခံရတဲ့သူတွေ အကုန်လုံးက ကော့သောင်းလှေဆိပ် ရောက်ရင် ကားတွေနဲ့ အားကစားခန်းမကို အရင်ပို့ဆောင်ပြီးမှ အသက်အရွယ်ခွဲကာ သက်ကြီးပိုင်းအရွယ်တွေ ဆိုရင် တခါတည်း လွှတ်ပေးပြီးတော့ အသက် ၁၈ ကနေ ၄၀ ‌အောက် ဝန်းကျင်အရွယ် အမျိုးသားတွေဆိုရင် ကော့သောင်းအခြေစိုက် ခလရ ၄၃၁ နဲ့ ခလရ ၂၆၂ တပ်တွေကို ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ကော့သောင်းတပ်ရင်းထဲရောက်တဲ့ အမျိုးသားတွေကို စက်လှေတွေနဲ့ မြိတ်ခရိုင်အတွင်းရှိ လေ့ကျင့်ရေး သင်တန်းကျောင်းတွေကို စစ်မှုထမ်း စေလွှတ်နေတာ ဖြစ်တယ်လို့ နေရပ်ပြန်ပို့ခံရသူတချို့ရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013