DVB Logo
Home
Lead Story
ခြောက်ကပ်နေသော မဲရုံများနှင့် သွေးစွန်းသည့် ရွေးကောက်ပွဲ 
DVB
·
December 30, 2025
ခြောက်ကပ်နေသော မဲရုံများနှင့် သွေးစွန်းသည့် ရွေးကောက်ပွဲ 
Donate to DVB

စစ်အုပ်စု၏ ရွေးကောက်ပွဲကား မသမာမှုများ၊ စက်ချို့ယွင်းမှု၊ လူထု၏ ဘာသိဘာသာဖြင့် သပိတ်မှောက်ခဲ့မှုများနှင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု ပြည်ပသတင်းထောက်များက ကောက်ချက်ချလာခဲ့သည်။

သို့သော် ကြံ့ဖွံ့ကတော့ နေရာအများစုတွင် ၎င်းတို့ပါတီသာ အောင်ပွဲခံနိုင်ခဲ့ပြီဟု ကြွေးကြော်လာပြီ ဖြစ်သည်။ အပြေးပြိုင်ပွဲတွင် လမ်းလျှောက်ပြိုင်လည်း ပန်းဝင်မည့်ပွဲ ဖြစ်သော်လည်း ကျန်သည့် အပြေးသမားများလိုမဟုတ်၊ မြင်းစီးပြီး ပြိုင်ခွင့်ရသည့် ပါတီမျိုးလည်း ဖြစ်သည်။ ၎င်းတို့ အခုလို အနိုင်ရသည် ဆိုသည်ကိုလည်း မည်သူကမျှ တအံ့တဩမဖြစ်ကြ၊ ရှုံးသည်ဆိုမှ သတင်းဖြစ်လာပေတော့မည်။

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားကဲ့သို့ မြို့ကြီးများတွင် မဲရုံအတော်များများက ခြောက်တိ ခြောက်ကပ်ဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နိုင်ငံတကာသတင်းဌာနများက အရင်ရွေးကောက်ပွဲတွေလို လူအုပ်ကြီးနှင့် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ စည်ကားခြင်းမျိုး လုံးဝမရှိဘဲ အလွန်ခြောက်ကပ်နေသည်ဟု နှိုင်းယှဉ် ပြောဆိုလာကြသည်။

မဲရုံများသို့ လာရောက်သူ အများစုသည် သက်ကြီးရွယ်အိုများသာ ဖြစ်ပြီး လူငယ်များကို မတွေ့ရသလောက် နည်းပါးကြောင်း၊ ကြောက်ပြီး မဲလာထည့်ကြသူများနှင့် ကြံ့ဖွံ့ ထောက်ခံသူများသာ ရှိသည်ဟု မှတ်ချက်ပေးလာခဲ့ကြသည်။

နိုင်ငံ့ဝန်ထမ်းများနှင့် စစ်ရှောင်စခန်းများရှိ လူများကို မဲပေးပြီးကြောင်း အထောက်အထား လက်သည်းမင်တို့ခြင်း ပြသရန် စစ်အုပ်စုက ဖိအားပေးထားသဖြင့် လာရောက်ကြခြင်း ဖြစ်သည်ဟု သတင်းထောက်များက ရေးသားထားကြသည်။

မဲရုံတိုင်းတွင် လက်နက်ကိုင်ဆောင်ထားသည့် ရဲများနှင့် စစ်သားများ အမြောက်အမြား ရှိနေပြီး မဲရုံအနီး ပတ်ဝန်းကျင်တွင် ကင်းလှည့်ကားများ အဆက်မပြတ် သွားလာနေခြင်းကြောင့် “ဒီမိုကရေစီပွဲတော်” ထက် “စစ်ဆင်ရေးတခု” နှင့် ပိုတူနေသည်ဟု သုံးသပ်ကြသည်။

သတင်းထောက်များကို သတင်းယူခွင့် ပေးထားသည်ဟု စစ်အုပ်စုက ကြေညာထားသော်လည်း လက်တွေ့တွင် ကန့်သတ်ချက်များ အများကြီးရှိနေပြီး ပြည်သူများကလည်း ကင်မရာရှေ့တွင် စကားပြောရန် အလွန်ကြောက်ရွံ့နေကြသည်ကို တွေ့ခဲ့ရသည်ဟု သတင်းထောက်များက ဆိုသည်။

အချို့သတင်းထောက်များ၏ အဆိုအရ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုများတွင်လည်း အားနည်းချက်များ အများကြီး ရှိနေသည်ဟု မှတ်ချက်ချခဲ့ကြသည်။ အီလက်ထရောနစ် မဲပေးစက် (MEVM) များကိုလည်း လူများက မယုံကြည်ကြသလို အသုံးပြုရ ခက်ခဲနေသည်များ ရှိလာ၍ ကြန့်ကြာမှုများ ရှိနေသည်ကိုလည်း ရေးသားထားကြသည်။

လာရောက်လေ့လာသူများကလည်း တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် အိန္ဒိယ အစရှိသည့် စစ်ကောင်စီများနှင့် နီးစပ်သည့် နိုင်ငံများကသာ ဖြစ်နေပြီး တကယ့် လွတ်လပ်သည့် အကဲခတ်အဖွဲ့များ မဟုတ်ကြဟု ထောက်ပြခဲ့ကြသည်။ မဇ္ဈိမ သတင်းအဆိုအရ အိန္ဒိယစစ်တပ်မှ အငြိမ်းစားတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အရွန်းကူးမားဆာနီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လေဆိပ်တွင် ကြိုဆိုခဲ့သည် ဆိုသော်လည်း အိန္ဒိယအစိုးရအနေဖြင့် ရွေးကောက်ပွဲလေ့လာရန် တရားဝင်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထားခြင်းမရှိဘဲ သတင်းတွင် အမည်တပ်ခံရသူများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ ပါဝင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်များက The Wire သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာတွင် ရောက်ရှိနေသည့် သတင်းထောက်များ၏ တသံတည်း ထွက်လာသည့် ထင်မြင်ချက်များက “ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒထင်ဟပ်သည့်ပွဲ မဟုတ်ဘဲ၊ တရားဝင်မှု ရဖို့အတွက် အကွက်ချ စီစဉ်ထားတဲ့ ပြပွဲတခုသာ ဖြစ်တယ်” ဟူ၍ ဖြစ်သည်။

ရွေးကောက်ပွဲ မသမာမှုများသည်လည်း ချက်ချင်းဆိုသလို တွေ့လာရသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၂၆ ရက်နေ့ ရန်ကုန်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့သည့် ကြိုတင်မဲပုံးများထဲတွင် ကြံ့ဖွံ့အတွက်သာ ပေးထားသည့် မဲများကိုသာ တွေ့ခဲ့ကြရသည်။ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း တဦးကလည်း ‘မဲအားလုံးသည် ပြည်ခိုင်ဖြိုးပါတီ တခုတည်းအတွက် ဖြစ်နေပြီး အခြားပါတီတွေအတွက် တမဲမှ ပါမလာဘူး’ လို့ စိတ်ပျက်အားလျော့စွာ အတည်ပြု ပြောကြားခဲ့သည်။

စစ်တပ်၏ ခံတပ်ဖြစ်သော နေပြည်တော်တွင် ကြံ့ဖွံ့သည် နေရာအားလုံးကို အနိုင်ရခဲ့သည်ဟု ဘီဘီစီ သတင်းထောက်က ဆိုသည်။

အီလက်ထရောနစ် မဲပေးစက် (MEVM) များ အသုံးပြုပြီး မဲပေးစနစ်ကို ခေတ်မီအောင် ပြောင်းလဲရန် စစ်အုပ်စု၏ ကြိုးပမ်းမှုသည်လည်း လုံးဝအဖတ်မတင်ဘဲ ကျရှုံးသွားခဲ့သည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မဲပေးနေစဉ်တလျှောက်လုံး စက်ပစ္စည်းပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း BBC သတင်းဌာနက ထပ်မံမှတ်တမ်းတင် ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ နံနက် ၁၀ နာရီအချိန်တွင် မုံရွာ၊ ရွှေဘိုနှင့် ပခုက္ကူမြို့များ၌ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သဖြင့် ရွေးကောက်ပွဲဝန်ထမ်းများသည် ဘာမျှမပေါ်တော့သော မော်နီတာမျက်နှာပြင်များကိုသာ ငေးကြည့်နေခဲ့ကြရသည်။ လျှပ်စစ်မီးမရှိဘဲ “အီလက်ထရွန်နစ်” မဲပေးစနစ်ကို မည်သို့ ဆက်လက်လုပ်ဆောင်မည်နည်းဟု လေ့လာစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြပြီး ယင်းမှာ စစ်အုပ်ချုပ်ရေးအောက်တွင် အခြေခံအဆောက်အအုံများ ပြိုလဲပျက်စီးနေသည့် လက္ခဏာရပ်ကို အားလုံးက အထင်အရှား တွေ့လာခဲ့ရသည်။

လွှတ်ထား၍မရသော နေရာများတွင် စစ်တပ်သည် ခြိမ်းခြောက် အကျပ်ကိုင်လာကြသည်။ မုံရွာတွင် မဲပေးမှုများ မစတင်မီ နာရီအနည်းငယ်အလို၌ စစ်ကောင်စီသည် လမ်းမများပေါ်တွင် ကင်းလှည့်ရန် တင့်ကားနှစ်စီးနှင့် သံချပ်ကာကား ခြောက်စီးကို ချထားခဲ့ကြောင်း Mandalay Free Press က ဖော်ပြခဲ့သည်။ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ ‘ရေဦးဆန်ဆိုင်’ ဂိတ်တွင် စစ်သားများက မော်တော်ယာဉ်မောင်းနှင်သူများကို တားဆီးကာ ထိုနေရာ၌ပင် မဲပေးရန် ကိုယ်ထိလက်ရောက် အတင်းအကျပ် ခိုင်းစေခဲ့ကြသည်။

နိုင်ငံတဝန်းတွင်လည်း မဲမပေးပါက အိမ်ထောင်စုစာရင်း ထုတ်ပေးမည်မဟုတ်၊ ဖမ်းဆီးခံရနိုင်သည့်အပြင် ဝန်ထမ်းဆိုကလည်း အလုပ်ပြုတ်သွားသည်အထိ ဖြစ်လာနိုင်သည်ဟု သွယ်ဝိုက် ခြိမ်းခြောက်ခဲ့သည်။

မြို့နယ်ပေါင်း ၈၀ ခန့်တွင်လည်း တော်လှန်ရေးအင်အားစုများနှင့် လူထုကို အဆက်အသွယ် ဖြတ်တောက်ရန် အင်တာနက်လိုင်းများကို ဖြတ်တောက်ပစ်ခြင်း၊ ကန့်သတ်ခြင်းတို့ဖြင့် ဒီဂျစ်တယ် သတင်းအမှောင်ချမှုများ အတင်းအကျပ် ပြုလုပ်ခဲ့ကြသည်။ မဲပေးမှုမစတင်မီ ၄၈ နာရီအတွင်း လူပေါင်း ၂၀၀ ထက်မနည်း အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ ကြံ့ဖွံ့ရုံး သုံးရုံး ‌ဗုဲးဖေါက်ခွဲခံခဲ့ရပြီး မဲပေးမှု ပျက်ပြားသွားခဲ့ရသည်။ တနင်္သာရီနှင့် ပဲခူးတိုင်းတို့တွင် ရဲစခန်းများ၊ ထားဝယ်နှင့် ပြည်ရှိ မဲရုံများ တိုက်ခိုက်ခံခဲ့ရပြီး ရန်ကုန် နှင့် ဧရာဝတီတိုင်းအတွင်းရှိ ဈေးအချို့ ပိတ်သွားခဲ့သည်။

၎င်းတို့ နယ်မြေစိုးမိုးမှု မရှိကြောင်းကို ရွေးကော်၏ ကြေညာချက်ဖြင့် အထင်အရှား တွေ့လာရသည်။ မဲရုံမဖွင့်မီ ၁၂ နာရီခန့်မှာပင် မြို့နယ် ၉ မြို့တွင် ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်၍ စုစုပေါင်း ၆၅ မြို့နယ် ရှိလာခဲ့ပြီး ကျေးရွာပေါင်း ၃,၀၀၀ ကျော်အထိ ဖြစ်လာသည်။

နောက်ဆုံးတွင်တော့ ဒီမိုကရေစီနည်းကို ပုံတူကူး၍ တရားဝင်မှုရှိရန် စစ်အုပ်စု၏ လုပ်ကြံဖန်တီးမှုသည် ၎င်းတို့ မည်မျှအထိ အထီးကျန်ဖြစ်နေသည်ကိုသာ ပေါ်လွင်စေခဲ့သည်။ မဲပေးသည့်နေ့ ကုန်ဆုံးချိန်တွင် ခြောက်ကပ်နေသော မဲရုံများနှင့် ဟိုနေရာ ဒီနေရာမှ ကြားနေရသည့် ပေါက်ကွဲသံများသည် မြန်မာပြည်သူများက စစ်အုပ်ချုပ်သူများအား “မင်းတို့ပြဇာတ် ဘယ်လိုမှ အောင်မြင်လိမ့်မည်မဟုတ်” ဟု သဝဏ်လွှာ ပေးပို့လိုက်ခြင်းသာ ဖြစ်သည်။

ထိုသတင်းများထက် ပို၍ အရေးကြီးသည်က အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များသည် မကွေးတိုင်း ၆ မြို့နယ်တွင် စစ်ဆင်ရေးများ တပြိုင်နက်တည်း စတင်လိုက်ပြီ ဖြစ်သည်ဆိုသည့် သတင်းပင် ဖြစ်သည်။

ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!

ကိုးကား - AsiaNews (Italy)

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013