DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ မဲမပေးပါက ပြည်ပပေးမထွက်ဟု ခြိမ်းခြောက်မှုကြောင့် လူငယ်များ မဲထည့်နေရ 
DVB
·
December 28, 2025
မွန်ပြည်နယ်၌ မဲမပေးပါက ပြည်ပပေးမထွက်ဟု ခြိမ်းခြောက်မှုကြောင့် လူငယ်များ မဲထည့်နေရ 
Donate to DVB

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မှာ‌ ရွေးကောက်ပွဲမပေးရင် ပြည်ပထွက်ခွင့် မပေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ခြိမ်းခြောက်ထားတာကြောင့်  အကြောက်တရားနဲ့ မဲပေးခဲ့ရတယ်လို့ လူငယ်တွေကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မွန်ပြည်နယ် ၅ မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ပြုလုပ်နေတာပါ။

စစ်ခေါင်းဆောင်ကတော့ မဲပေးခြင်း မပေးခြင်းဟာ ပြည်သူ့ဆန္ဒဖြစ်တယ်လို့ ပြောဆိုထားတာတွေ ရှိပေမဲ့ လက်တွေ့မှာတော့ ပြည်သူတွေကို မဲပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

မော်လမြိင်မြို့မှာတော့ ရွေးကောက်ပွဲမှာ မဲပေးထားတဲ့ အထောက်အထားမရှိရင် ပြည်ပထွက်ခွာခွင့် ပေးမှာမဟုတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးတွေက ပြောဆိုနေတာတွေ ရှိတဲ့အတွက် ဆန္ဒမဲပေးနေကြရတယ်လို့ လူငယ်တွေက ပြောပါတယ်။

မော်လမြိုင်မြို့ခံတယောက်က “ရပ်ကွက်ရုံးက ဖိအားပေးတာ နိုင်ငံခြားပြန်ထွက်ဖို့ အစီအစဉ်ရှိရင် မဲမပေးထားတဲ့လူဆို ပေးမထွက်ဘူး၊ ဖမ်းခံထိမယ် ဘာညာ အဲ့လိုမျိုး pressure တွေပေးထားတယ်။ နိုင်ငံခြားထွက်ချင်တဲ့လူငယ်တွေက တော်တော်ပေးနေရတယ်။ တချို့ကျတော့လည်း လူကြီးတွေကျတော့ ကြောက်လို့ဆိုပြီး ပေးခိုင်းတာဗျာ။ ကိုယ့်နာမည်နဲ့ ကုဒ်နံပါတ်ကို ရှာရတယ်၊ ပြီးသွားရင် တန်းစီစရာမလိုတော့ဘူး ကုဒ်နံပါတ်ကို ပြောလိုက်ရင် အဲဒီမှာ စက်ခလုတ် ၂ ခုရှိတယ်၊ ကိုယ်ကြိုက်တဲ့ဟာကို နှိပ်ရတာ၊ မဲရုံတွေမှာတော့ ပိတ်သိပ်နေတာမရှိဘူး၊ တယောက် တယောက်ပဲ” လို့ ပြောပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေရှိတဲ့ မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်၊ သထုံ စတဲ့ မြို့နယ် ၅ ခုမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ လူစည်ကားရာနေရာတွေနဲ့ ပြည်နယ်လွှတ်တော် အရှေ့မှာတော့ စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လုံခြုံရေးယူပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့က ဇေယျာသီရိ၊ ဒိုင်းဝန်ကွင်း စတဲ့ရပ်ကွက်တွေမှာတော့ ရွေးကောက်ပွဲမှာ မဲမပေးရင် နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းရမယ်လို့ ခြိမ်းခြောက် ပြောဆိုနေတာ ရှိတဲ့အတွက် အကြောက်တရားနဲ့ မဲပေးနေရပြီး ရွေးကောက်ပွဲပြီးရင်လည်း အပြောင်းအလဲဖြစ်လာဖို့တော့ မျှော်လင့်ချက်မရှိဘူးလို့ မော်လမြိုင်မြို့ခံတယောက်ကပြောပါတယ်။

“မပေးရင်လည်း ဖြစ်လာမဲ့ နောက်ဆက်တွဲတွေက ရှိသေးတယ်။ လူတိုင်းလူတိုင်းက ဘယ်ပေးချင်ပါ့မလဲ၊ ကောင်းလာမှာမှမဟုတ်တာ၊ ဘာသွားမျှော်လင့်မလဲ။ ဒီ့ထက်ထိ ဆိုးသထက် ဆိုးနေတဲ့ဟာ ဘာကိုသွားမျှော်လင့်လို့ရမလဲ။ သူ့ရဲ့လုပ်ဆောင်မှုတွေက ကောင်းမှမကောင်းတာ။ ဘယ်သူက လက်ခံမှာလဲ၊ ပြည်သူအနေနဲ့မပြောနဲ့ သူတို့ သူတို့ အချင်းချင်းတောင်မှ လက်မခံနိုင်တာ။ ကိုယ့်ပြည်သူအတွက် သူလုပ်တယ်ဆိုရင် ဒီလို လိုက်ခြိမ်းခြောက်နေစရာမှ မလိုတာ။ ပေးချင်ပေးမယ်၊ မပေးချင်မပေးဘူးပေ့ါ မဟုတ်ဘူးလား။”

မွန်ပြည်နယ်က ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ် ၅ မြို့နယ်မှာလည်း စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာသာ ပြုလုပ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေသာ မဲပေးကြတယ်လို့ သိရပါတယ်။

စစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲတွေကို ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အပိုင်း ၁၊ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း ၂ နဲ့ ဇန်နဝါရီ ၂၅ မှာ အပိုင်း ၃ ဆိုပြီး သုံးပိုင်းခွဲပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲတွေမှာ မွန်ပြည်နယ်က မဲဆန္ဒနယ်တွေမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တယောက် အပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

ကြိုတင်မဲတွေမှာလည်း ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တဖက်မှာလည်း အဲဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး မထောက်ခံကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အသိုင်းအဝိုင်းက ထုတ်ပြန် တိုက်တွန်းထားကြပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013