DVB Logo
Home
မြန်မာသတင်း
ဘားအံ ပြည်သူများကို  မဲပေးရန် အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခြိမ်းခြောက်
DVB
·
December 28, 2025
ဘားအံ ပြည်သူများကို  မဲပေးရန် အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခြိမ်းခြောက်
Donate to DVB

ရွေးကောက်ပွဲ မဲပေးဖို့အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မဲရုံတွေမှာ မဲဆန္ဒရှင်တွေကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်က ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီးမြို့နယ် ၃ ခုမှာ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေ အပါအဝင် မဲရုံပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မဲရုံတွေမှာ မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။  

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က “မဲပေးမဲ့ ပြည်သူတွေဘက်ကတော့ မဲသွားမပေးချင်တဲ့ လူဦးရေ များတယ်။ စိတ်မဝင်စားတဲ့ ဦးရေက များတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကလည်းပဲ နင်တို့ မဲသွားထည့်၊ မဲမထည့်လို့ရှိရင် နင်တို့ကို ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ မဟုတ်မမှန် သတင်းတွေလွှင့်တာ ခြိမ်းခြောက်တာမျိုးတွေ မြေပြင်မှာ လက်ရှိအနေအထားတွေက ရှိနေတယ်။ မဲပေးချင်စိတ်မရှိတဲ့ လူဦးရေက ပိုများနေတယ်” လို့ ပြောပါတယ်။

ဘားအံမြို့မှာ စစ်ရှောင်နဲ့ အိမ်ငှားနေထိုင်တဲ့ အိမ်ထောင်စု ထောင်နဲ့ချီရှိပြီး ၆ လနဲ့အထက် နေထိုင်နေသူတွေ မဲပေးရမှာ ဖြစ်ပါတယ်။

စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဖိအားတွေကြောင့် မဲမပေးချင်ပဲ မဲပေးနေရတယ်လို့  စစ်ရှောင်နဲ့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

မဲဆန္ဒရှင်တယောက်က “တကယ်တော့ သွားသာပေးတာ တခုခုခြိမ်းခြောက်မှုတွေနဲ့ တခုခုဖြစ်မှာ စိုးလို့သာ၊ တကယ်တော့ လူတွေက သွားမပေးချင်ကြဘူး။ တကယ်က ဖြစ်နိုင်ရင် မပေးချင်ဘူး။  အိမ်ငှားတွေအတွက်လည်း ဖိအားများတယ်။ တကယ်လို့ မဲမပေးလို့ရှိရင် အိမ်ငှားတွေအတွက်လည်း နောက်ကျ ဧည့်စာရင်းတွေ ဘာတွေ လာစစ်ရင် ဘယ်လိုလာဦးမလဲ မသိဘူး။ အဲလိုမျိုး သူတို့ကိုလည်း ကြောက်ရတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ လှိုင်းဘွဲမြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ၂ ခုမှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခု ဘားအံမြို့က မဲရုံတွေမှာတော့ တက်တက်ကြွကြွနဲ့ မဲပေးတဲ့ မဲဆန္ဒရှင် မရှိဘူးလို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

မြို့မိမြို့ဖတယောက်က “စိတ်မဝင်စားဘူး၊ တာဝန်ရှိလို့လည်း မဟုတ်ဘူး၊ ကြောက်လို့။ မဲပေးသူက ကျိုးတိုးကျဲတဲပဲ။ လူတွေက တက်ကြွစိတ်မရှိဘူး။ NLD လက်ထက်ကလို့ မရှိဘူး။ တာဝန်အရသာ သွားနေရတယ်။ အဲဒီပုံစံ။ မသွားပြန်ရင်လည်း ကိုယ့်ကို ဘာလုပ်မလဲပေါ့။ အဲဒီအတွေးက ရှိနေတယ်။ ကိုယ့်ကို စော်ပလော်တီမလားပေါ့။ သဘောက၊ အဲဒီအနေအထားရှိတယ်။ တက်တက်ကြွနဲ့ မရှိဘူး။ အဲဒါကတော့ ကြိမ်းသေတယ်။  အရင်က အသည်းကြားက မဲတပြားက အနစ်သာရရှိတယ်လေ။ အခုက အနစ်သာရမရှိဘူး” လို့ ပြောပါတယ်။

စစ်တပ်က ပြုလုပ်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် မဖြစ်ဆိုတာ ရွေးကောက်ပွဲ အားလုံးပြီးမှ သုံးသပ်ပြလို့ရမယ်လို့ DVB ကို ဖြေဆိုပါတယ်။ 

“ကျနော်ထင်တာတော့  တဝက်စီပဲ လာတဲ့သူနဲ့။ ဒါက ခန့်မှန်းတာပါ။ ဟက်ဘိုင်ဟက်ဆိုတာက အဲလောက်တော့ ရှိတယ်။ ဘာကြောင့်ဆိုတာက ပြောလို့မရဘူးလေ။ ဖိအားကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အခုအခြေအနေထိကတော့   အေးအေးဆေးဆေးပဲ ပေးနေကြတယ်။  ဘယ်အခြေအနေတော့ ကျနော်တို့မသိဘူး။  တခြား ဒုတိယပိုင်း တတိယပိုင်း ဘယ်လိုလာမလဲ ပြောလို့ မရသေးဘူး။  ဒါကြောင့်မို့လို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ် မဖြစ်ဘူးဆိုတာတော့ ရွေးကောက်ပွဲ အားလုံးပြီးမှပဲ သုံးသပ်ပြလို့ရမယ်။ အခုတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၆ ခုမှာ  ကြံ့ ခိုင်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ 

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် လောင်း ၃၁ ယောက်၊  အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၂၉ ယောက်၊ ပြည်နယ်လွှတ်တော်မှာ တသီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၃၇ ယောက် ဝင်ရောက်အရွေးခံတယ်လို့ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013