DVB Logo
Home
မြန်မာသတင်း
ပေါက် ပျူစောထီးအခြေစိုက်စခန်းက ထွက်ပြေးသည့် ပျူနှင့် မိသားစုဝင် ၇၀ ကျော်ကို ဖမ်းမိ
DVB
·
June 6, 2026
ပေါက် ပျူစောထီးအခြေစိုက်စခန်းက ထွက်ပြေးသည့် ပျူနှင့် မိသားစုဝင် ၇၀ ကျော်ကို ဖမ်းမိ
1 / 5
Photo : အညာမြေတပ်ပေါင်းစု
Donate to DVB

ပခုက္ကူခရိုင်၊ ကုက္ကိုစုပျူရွာကနေ လက်နက်မချဘဲ မြိုင်စက်မှု ၂ ဘက်ကို ထွက်ပြေးတဲ့ ပျူစောထီး ၇၀ ကျော်ကို ဖမ်းဆီးရမိတယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ပေါက်ကိုယ်တော် အရိယာဝံသရဲ့ အားအထားရဆုံး ကုက္ကိုစုပျူရွာ ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၄ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။ 

ပျူစောထီးအင်အားရာနဲ့ချီရှိတဲ့ ကုက္ကိုစုပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် သိမ်းပိုက်ချိန်မှာ မြိုင်နယ် စက်မှု ၂ ဘက်ကို လက်နက်တွေနဲ့ထွက်ပြေးတဲ့ ပျူစောထီး ၇၀ ကျော်ကို ဇွန် ၅ ရက်  ည ၇ နာရီလောက်က ပေါက်နယ် တောတွင်းတနေရာမှာ ဖမ်းဆီးရမိတယ်လို့ ဇွန် ၆ ရက် မှာ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိထားသူ အရေအတွက် ၇၀ ကျော်လုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်း တွေနဲ့အညီ ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ လည်း ဆိုပါတယ်။ 

ကုက္ကိုစုပျူရွာခေါင်းဆောင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး သတင်းအချက်အလက်အသေးစိတ်ကို ထပ်မံထုတ်ပြန်မယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“စက်မှု ၂ ရဲ့ ဒီကနေ့လက်ရှိအခြေအနေနဲ့ လွန်ခဲ့တဲ့ရက်တွေရဲ့အခြေအနေ၊ ပြီးတော့ကြ မြိုင်၊ ဟင်းသားတောဘက်ကအခြေအနေတွေ ပူးတွဲပြီးတော့ ကျနော်တို့ သတင်းလေးတင်ထားတာတော့ ရှိပါတယ်။ ရဲဝင်းဦးကတော့လေ မင်းအောင်လှိုင်နဲ့မတူတဲ့ မူဝါဒတွေနဲ့ အညာဘက်တွေပေါ့လေ စစ်ကိုင်းဘက် မကွေးဘက်တွေကို လှုပ်ရှားလာတယ်လို့မြင်တယ်။ ရက်စက်မှုတွေ ပြနေတယ်လို့ မြင်တယ်။ ရဲဝင်းဦး ကာချုပ်ဖြစ်ကာမှ လေယာဉ်တွေ တစီး၊ နှစ်စီး မသုံးဘဲနဲ့ ပစ်မှတ်ကို အစုလိုက်အပြုံလိုက် လုံးဝလွတ်မသွားအောင် ဂျက်ဖိုက်တာတွေ လေး-ငါး-ခြောက်စီးနဲ့ ဆက်တိုက် အုပ်စုလိုက်ကြီးဖွဲ့ပြီး ကြဲတာမျိုးတွေ၊ စစ်ကြောင်းတွေကို မိုက်ရူးရဲဆန်စွာနဲ့ ဇွတ်တိုးတာမျိုးတွေ၊ မြစ်ခြေဘက်အခြမ်းမှာဆိုလို့ရှိရင် အရပ်သားကလေးငယ်တွေကစလို့ သတ်တာတွေ၊ နေအိမ်တွေကို အရပ်သားနေအိမ်တွေမှန်း သိသိကြီးနဲ့ မီးရှို့ဖျက်ဆီးတာမျိုးတွေက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ပြုမူလာတယ်ပေါ့နော်။”

ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို နိုင်ငံတကာစစ်စည်းကမ်းကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းထား တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

စစ်ကောင်စီက ချင်းပြည်နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက အင်အားတွေကို မေလဆန်းမှာ စတင်စုစည်းခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ချင်းပြည်နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် မကွေးတိုင်းဘက်က အင်အားစုတွေ က ချင်းပြည်ဘက်ကို စစ်ကောင်စီအင်အားထပ်မဖြည့်နိုင်အောင် ကြားဖြတ်တိုက်ခိုက်မှုတွေ၊ ပျူစခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “အဓိကတော့ သူတို့ ချင်းကိုဦးတည်တယ်လို့ သိရတယ် ပေါ့။ ပခုက္ကူကအခြေစိုက်တဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဆိပ်ဖြူအတိုင်း ပေါက်နယ်ထဲကနေပြီးတော့ စစ်ကြောင်းတခု၊ ပေါက်အနောက်ဘက်မှာရှိတဲ့ ကပစ ၂၄ မှာ သူတို့အင်အားသွားစုတယ်။ ပေါက်နယ်ထဲက အင်အားတွေရော၊ ပျူရွာတွေက အင်အားတွေရော တပါတည်းခေါ်သွားတယ်လို့ သိရတယ်။ အဲ့ဒီကနေမှ စစ်ကြောင်း ၂ ခုထွက်တယ်လို့ သိရတယ်။ တကြောင်းကတော့ မြောက်ဘက် ပေါက်-ထီးလင်းကားလမ်းဟောင်းအတိုင်း ထီးလင်းဘက်ကို ထိုးသွားတယ်၊ နောက်တခုကကြတော့ အခု အသုံးအများဆုံးဖြစ်နေတဲ့လမ်း၊ ပေါက်-ကျောက်ထုလမ်းပေါ့၊ အဲ့ဒီအတိုင်း မင်းတပ်ဘက်ကို တက်တယ်လို့ ကျနော်သိရတယ်။ နောက်တခုကကြတော့ ဆိပ်ဖြူ ကပစ ၂၁-၂၂ ပေါ့၊ အဲ့ဒီကလာတဲ့ဟာတွေကြတော့ ပေါက်နယ်ကို မဖြတ်တော့ဘဲနဲ့ ဆော-လောင်းရှည်လမ်းအတိုင်း ဆောကို တိုက်ရိုက်တက်သွားတယ်၊ ဆောကနေမှ သူတို့ကလည်းပဲ ချင်းပြည်နယ်ကို ဆက်တက်မယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာပြည်အလယ်ပိုင်းကနေ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်ကို စစ်ဦး တည်နေချိန်မှာ ချင်းပြည်နယ်နဲ့နယ်မြေချင်းထိစပ်နေတဲ့ မြိုင်နယ်က သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေ ၂၂ ရက်နေ့မှာ သိမ်းယူခဲ့ပြီး မကွေးတိုင်းထဲမှာ စစ်ရေး အရှိန်မြှင့်တင်ခဲ့တာပါ။

မကွေးဖက်ဒရယ်ယူနစ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကို စီမံကွပ်ကဲပြီး စစ်ကောင်စီ ရဲ့ ခြေလှမ်းတွေကို တုံ့ပြန်နိုင်ရေးအတွက် ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ မေ ၂၇ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီး ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရက ဖိတ်ခေါ် ခဲ့ပါတယ်။  

ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ ကွပ်ကဲမှုမှာ ပူးပေါင်းပါဝင်မယ့် ဒေသကာကွယ်ရေးတပ် ဖွဲ့တွေကို စုစည်းပြီး မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်းတွေရဲ့ စစ်ရေးလှုပ်ရှားမှု တွေကို ဖော်ဆောင်နေပြီလို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ 

သုတချမ်းသာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013