DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကာလ မကွေးတိုင်း ၆ မြို့နယ်၌ တပြိုင်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်
DVB
·
December 28, 2025
ရွေးကောက်ပွဲကာလ မကွေးတိုင်း ၆ မြို့နယ်၌ တပြိုင်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်
Donate to DVB

အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ပြုလုပ်မှာဖြစ်ပြီး အဲဒီအထဲမှာ မကွေးတိုင်းက မြို့နယ် ၉ ခုပါဝင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရွေးကောက်ပွဲကာလမှာ မကွေးတိုင်းက မြို့နယ် ၆ မြို့နယ်ကို တပြိုင်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့  ပြောပါတယ်။

မကွေးတိုင်းအတွင်း စုစုပေါင်း ၂၅ မြို့မှာ စစ်တပ်က မြို့နယ် ၂၀ မှာ ရွေးကောက်ပွဲကို အပိုင်း ၂ ခုနဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး၊ ဒီနေ့စတင်မဲ့  ရွေးကောက်ပွဲ အပိုင်း ၁ မှာ ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်နဲ့ အောင်လံ စတဲ့ ၉ မြို့နယ်ပါဝင်ပါတယ်။  

အဲဒီအထဲက မင်းဘူးနဲ့ ပွင့်ဖြူမြို့နယ်တွေက နေရာတချို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေရှိနေပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်း မကွေးတိုင်းထဲက မြို့ ၆ မြို့ကို တပြိုင်နက်တည်း မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ DVB ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်မြို့တွေကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတာတော့ အသေးစိတ် မပြောပါဘူး။

မကွေးတိုင်း မြေပြင် သတင်းရင်းမြစ်က “ကျနော်တို့ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှု နယ်မြေအတွင်းမှာ ရှိတဲ့ မြို့ ၆ မြို့ဒေသတွင်းမှာ ရှိတဲ့ ရန်သူ့စခန်းတွေကို သိမ်းဖို့အတွက် စစ်ရေးရည်မှန်းချက် ရှိတဲ့ သဘောပါ။ ၆ မြို့နယ် ဒေသတွင်းမှာ ရှိတဲ့ စခန်းတွေ သိမ်းပိုက်မှာ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း မကွေးမြို့ပေါ်မှာ ရွေးကောက်ပွဲကို ပြည်သူတွေ မဖြစ်မနေ မဲပေးဖို့၊ မဲမပေးတဲ့သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးမယ်လို့ ချိန်းခြောက်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ရပ်၊ ကျေး စာရေး တယောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာခံရပြီး သေဆုံးသွားပါတယ်။

ဒါအပြင် ဆင်ဖြူကျွန်းမြို့ပေါ်က စစ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေကို စလင်းမြို့နယ်ဘက် ရွှေ့ပြောင်းကြဖို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်တာတွေရှိပါတယ်။  

လတ်တလောမှာ မကွေးတိုင်းထဲက နေရာအတော်များများမှာ တိုက်ပွဲတွေဖြစ်နေပြီး မြို့ပေါ်တွေမှာလည်း စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က တယောက်က ပြောပါတယ်။

“တိုက်ပွဲတွေကတော့ မကွေးတိုင်းရဲ့ နေရာတော်တော်များများမှာ နေ့တိုင်းလိုလို ရှိနေတယ်။ အထူးသဖြင့်တော့ နယ်မြေစိုးမိုးရေးအတွက် နှစ်ဖက် တင်းမာမှုတွေ မြင့်နေတယ်။ လုံခြုံရေးအပိုင်းမှာလည်း မြို့ပေါ်တွေမှာ စစ်ဆေးတာတွေ တင်းကျပ်ထားပေမဲ့ ပြည်သူတွေကတော့ သူတို့ကို အားကိုးလို့ရတဲ့ လုံခြုံရေးလို့ မခံစားရဘူး။ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်။ ဒါပေမဲ့ ဒီလို အကျပ်အတည်းတွေကြားကပဲ တော်လှန်ရေး အင်အားစုတွေက နယ်မြေစိုးမိုးမှုရအောင် ကြိုးစားနေတာ တွေ့ရပါတယ်၊”

အဲဒီလို အခြေအနေကြားမှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် ပိုခက်ခဲမှာဖြစ်ပေမဲ့ စစ်တပ်ကတော့ မဖြစ်မနေ လုပ်နိုင်တယ်လို့ မကွေးတိုင်း ဒေသခံတယောက်က ခန့်မှန်းပါတယ်။

“မကွေးတိုင်းထဲမှာ ရွေးကောက်ပွဲ လုံးလုံး မလုပ်နိုင်တဲ့ မြို့တွေ ၃ ပုံ၊ ၂ ပုံလောက် ရှိတယ်။ သူတို့ ထုတ်ပြန်ထားတဲ့အထဲမှာလည်း ပါတယ်။ အဲ့ထုတ်ပြန်ချက်ထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ အခုဆို ပိုဆိုးသွားတာပေါ့။ စစ်မြေပြင်လည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲ လုပ်နိုင်စရာ အကြောင်း မရှိဘူး။ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးပေါ့။ ပြည်သူတွေ အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ မကွေးတိုင်းမှာ ဆန္ဒ မရှိပါဘူး။ မကွေးမြို့ပေါ်မှာတော့ ဝန်ထမ်းအင်အားများတယ်။ တပ်မိသားစုများတာ ဖြစ်တဲ့အတွက် သူတို့ အဲဒါကို ရုပ်လုံးပေါ်အောင် လုပ်မယ်ဆိုရင် လုပ်မဲ့သဘော ရှိပါတယ်။ ဒါကလည်း လုပ်တဲ့ပွဲတွေပဲ ဖြစ်ပါလိမ့်မယ်။”

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ၁၀၂ မြို့နယ်၊ ဒုတိယပိုင်းကို  ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ် မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013