DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ကောင်စီရွေးကောက်ပွဲကြိုတင်မဲရလဒ် ကြံ့ခိုင်ရေး အသာရနေဟုဆို
DVB
·
December 27, 2025
ရန်ကုန်တွင် စစ်ကောင်စီရွေးကောက်ပွဲကြိုတင်မဲရလဒ် ကြံ့ခိုင်ရေး အသာရနေဟုဆို
Donate to DVB

ဒီဇင်ဘာ ၂၈ ရက်နေ့ စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို ရန်ကုန်မှာ စတင်ရေတွက်နေတာမှာ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အသာရနေတယ်လို့  ကြံ့ခိုင်ရေးပါတီရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြည်ပရောက်မြန်မာတွေရဲ့ ကြိုတင်မဲတွေကို အခုလထဲမှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး ကြိုတင်မဲ ဘယ်လောက်ရတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိဘဲ ဒီဇင်ဘာ ၂၆ ရက်က သက်ဆိုင်ရာနေရာတွေမှာ စတင်ရေတွက်ခဲ့တာပါ။

ပြည်ပရောက်မြန်မာအများစုဟာ  ‌စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာဖြစ်ပြီး ကြိုတင်မဲကို ပြင်ပကလာရောက်ထည့်သူဦးရေ ထောင်ဂဏန်းသာရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုရရှိလာတဲ့ ကြိုတင်မဲတွေမှာ ပြည်ပနိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီဩဇာခံ မြန်မာသံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲအများစုပါဝင်တယ်လို့ သိရပါတယ်။

ပြည်ပရောက် နိုင်ငံသားတွေရဲ့ ကြိုတင်မဲတွေကို တိုင်းနဲ့ ပြည်နယ်တွေက အစိုးရအဖွဲ့ရုံးတွေမှာ ရေတွက်နေပြီး ပြည်တွင်းက မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကြိုတင်မဲတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေမှာ ရေတွက်နေတာကို တွေ့ရပါတယ်။

ရန်ကုန်က မဲရုံတချို့မှာ ကြံ့ခိုင်ရေးအမတ်လောင်းတွေ ကြိုတင်မဲ အသာစီးရနေတာကို တွေ့ရပြီး တချို့မဲရုံတွေမှာ ကျန်ပါတီကအမတ်တွေ မဲတမဲမှ ရတာကို မတွေ့ရသေးပါဘူး။

ဒီဇင်ဘာ ၂၈ ရက်မှာစမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ  NLD ပါတီနဲ့ SNLD လို အတိုက်အခံ အင်အားကြီးပါတီတွေကို ပါ ဝင်ခွင့်မရအောင် လုပ်ထားတာ၊ ပြီးတော့ စစ်ရေးနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် ပြည်သူတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိတာတွေဟာ  ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးအနိုင်ရဖို့ အခြေအနေ ရောက်နေတာလည်း ဖြစ်ပါတယ်။

စစ်တပ်က ကိုယ်စားလှယ်တွေ၊ မပြိုင်ရဘဲ အနိုင်ရနေတဲ့ အမတ်နေရာတချို့ကို ပေါင်းလိုက်ရင် ကြံ့ခိုင်ရေးဟာ နောက်ထပ် မဲဆန္ဒနယ် ၃၅ နေရာ အနိုင်ရတာနဲ့ အစိုးရဖွဲ့လို့ရမယ့် အခြေအနေ ရှိနေတာပါ။

ဒါပေမဲ့ နိုင်ငံတကာနဲ့ အတိုက်အခံ အင်အားစုတွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုအလိုကျ သူ့လူတွေအနိုင်ရဖို့ တမင်ရည်ရွယ်ပြီးလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ဘယ်လိုမှ တရားမျှတမှုရှိမှာမဟုတ်တဲ့အပြင် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပါတယ်။

စစ်ကောင်စီလုပ်မဲ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အိန္ဒိယ၊ ရုရှား၊ တရုတ်၊ ကာဇစ်စတန်၊ ဗီယက်နမ်၊ ဘီလာရု၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ နီပေါ၊ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယား စတဲ့နိုင်ငံတွေက လာရောက် လေ့လာ စောင့်ကြည့်ကြမှာဖြစ်ပြီး နိုင်ငံတကာ မီဒီယာ ၆၁ ခုက သတင်းထောက် ၂၁၅ ယောက်ကိုလည်း သတင်းယူခွင့်ပြုပေးထားတယ်လို့ စစ်အုပ်စုသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အပိုင်း ၃ ပိုင်းနဲ့ကျင်းပမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ  အပိုင်း ၁ ကိုတော့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကတော့ ဒီဇင်ဘာ ၂၆ ရက်မှာ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013