DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် စစ်ရှောင်များကို မဲပေးမှ ထောက်ပံ့ကြေးရမည်ဟု  ကြံ့ခိုင်ရေးပါတီက ဖိအားပေး
DVB
·
December 26, 2025
ဘားအံတွင် စစ်ရှောင်များကို မဲပေးမှ ထောက်ပံ့ကြေးရမည်ဟု  ကြံ့ခိုင်ရေးပါတီက ဖိအားပေး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ရှောင်ပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီကို မဲပေးမှ လစဉ်ထောက်ပံ့နေတဲ့ ထောက်ပံ့ငွေ ရရှိမယ်လို့   ကြံ့ခိုင်ရေးပါတီက ဖိအားပေးခြိမ်းခြောက်နေတယ်လို့  စစ်ရှောင်တွေက ဒီဇင်ဘာ ၂၆ ရက်က ပြောပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ကျင်းပပြုလုပ်သွားမှာပါ။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး ဘားအံမြို့မှာ ၆ လနဲ့အထက် နေထိုင်နေတဲ့ စစ်ရှောင်တွေ ကြံခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတဦးက “အရင်တုန်းက အိမ်ထောင်စု၊ မှတ်ပုံတင်ရှိရင် ရတယ်။ အခုက အိမ်ထောင်စု၊ မှတ်ပုံတင် ရှိနေပါစေ သူတို့ ကြံ့ခိုင်ရေးကို မဲပေး။ မပေးရင် ထောက်ပံ့ကြေးမပေးတော့ဘူး အဲလိုမျိုးပြောတယ်။ ရပ်ကွက်ရုံးမှာ စစ်ရှောင်နေပါစေ မဲမပေးလို့ မရဘူး၊ ပေးရမယ်လို့ ပြောတယ်။ စစ်ရှောင်တွေက ဖြစ်နိုင်ရင် မဲမပေးချင်ကြတဲ့သူတွေက များတယ်။ ပြည်သူတွေအတွက်က အခက်အခဲရှိတာပေါ့။ တချို့ဆိုရင် အိမ်ငှားနေရတယ်။ အိမ်ငှားမနေနိုင်တဲ့ သူတွေက ဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ ဒီထောက်ပံ့ကြေးမရရင် ပိုပြီးတော့ ခက်ခဲမှာပေါ့” လို့ ပြောပါတယ်။

ဘားအံမြို့မှာ စစ်ရှောင်နေတဲ့ အိမ်ထောင်စု ထောင်နဲ့ချီရှိပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ရှောင်ပြည်သူတွေကို လစဉ် ဆန်၊ ဆီ၊ ပဲ ပေးနေရာက လူ ၁ ယောက်၊ ၁ လ ကျပ် ၂ သောင်းကို ၃ လတကြိမ် ပြောင်းလဲ ထောက်ပံ့ခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က “ဖိအားပေးခြိမ်းခြောက်တာ ဟုတ်တယ်။ မှန်တယ်။ ရှင်းရှင်းပြောရရင် ဒါက မတရားတဲ့နည်းနဲ့ ရွေးကောက်ပွဲ အကောင်အထည်ဖော်တယ်။ မတရားတဲ့နည်းနဲ့ မဲပေးနိုင်တဲ့ မဲတွေကို သူတို့ရယူတဲ့ ပုံစံက လက်ရှိမြေပြင်မှာ ရှိနေတယ်။ ပိုက်ဆံပေးမယ်ဆိုတဲ့ မက်လုံးပေးတဲ့ စည်းရုံးရေးတာမကဘဲနဲ့ တခြားစစ်ရှောင်တဲ့ တချို့သောနေရာတွေမှာ ရှိနေတယ်။ ဖြစ်ပေါ်နေတယ်။ တွေ့နေရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို စစ်ရှောင်ပြည်သူတွေအပြင် အိမ်ငှားနေထိုင်သူတွေပါ မဲပေးနိုင်ရေး မဲစာရင်းပြုစုရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် ငွေကြေးကုန်ကျတာတွေလည်း ရှိနေပါတယ်။

စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၆ ခုမှာ  ကြံ့ ခိုင်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်း နှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၃၁ ယောက်၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၂၉ ယောက်၊ ပြည်နယ်လွှတ်တော်မှာ တသီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၃၇ ယောက် ဝင်ရောက်အရွေးခံမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013