DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့နယ်၌ စစ်တပ်နှင့် အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေ
DVB
·
December 25, 2025
စစ်တွေမြို့နယ်၌ စစ်တပ်နှင့် အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေ
Donate to DVB

ရွေးကောက်ပွဲနီးလာချိန် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့မှာ အာရက္ခတပ်‌တော်က အခြေစိုက်ထားပြီး စစ်တွေမြို့ အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့ကနေ AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်တွေ မြို့ခံအမျိုးသားတယောက်က ပြောပါတယ်။

“စစ်တွေမြို့ ပတ်ဝန်းကျင်မှာတော့ ဒီဇင်ဘာလအတွင်းမှာ နေ့တိုင်း ပစ်ခတ်သံတွေ ကြားနေရတယ်။ AA ဘက်ကတော့ ဒကစဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်နေတာရှိတယ်။ အထူးသဖြင့်တော့ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေဘက်က ပစ်ခတ်သံတွေ ပိုကြားရတယ်။”

စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီဇင်ဘာ ၂၂ ရက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို ဒီဇင်ဘာ ၂၃ ရက်ကလည်း ပေါက်တောမြို့နယ်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ AA တို့အကြားမှာ နိုဝင်ဘာလကုန်ပိုင်းကတည်းက တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာကြတာဖြစ်ပြီး AAရဲ့ တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီရဲ့ ဒကစဌာနချုပ်နဲ့ စစ်တွေအခြေစိုက် တပ်ရင်းတွေကို အထိနာစေခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက် ဒကစဌာနချုပ်နဲ့ စစ်ဆေးရုံတွေကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီရဲ့ အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ကြပြီး ဒဏ်ရာရရှိသွားသူတွေကိုလည်း စစ်တွေမြို့ ပြည်သူဆေးရုံကြီးမှာ ရွှေ့ပြောင်းကုသနေရပါတယ်။

တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီးနောက် စစ်တပ်ဟာ ရွှေမင်းဂံရေတပ်ကနေတဆင့် အင်အားဖြည့်တင်းနေတယ်လို့  စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်ကောင်စီဟာ မြေပြင်မှာ အထိနာနေတာတွေနဲ့ လူအင်အားပြုန်းတီးလာတာကို ဖာထေးနိုင်ဖို့ ဒီရက်ပိုင်းမှာ ရွှေမင်းဂံရေတပ်ကနေတဆင့် အင်အားဖြည့်တင်းနေတာတွေ ရှိနေတယ်။ ဒီလို အင်အားဖြည့်တင်းချိန်မှာ တိုက်ခိုက်မခံရဖို့ အာရက္ခတပ်တော်တို့ ထိန်းချုပ်မြို့နယ်တွေကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာတွေရှိတယ်။”

စစ်ကောင်စီဟာ စစ်တွေမြို့မှာ မြို့ခံတွေကို မြိုပြင်ထွက်ခွင့် ပိတ်ပင်ထားပြီးတော့ လေကြောင်းလိုင်းတခုတည်းကိုသာ ခွင့်ပြုထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီး စစ်ကောင်စီက မြို့တော် စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်တို့ကို ထိန်းချုပ်ထားနိုင်ပေမဲ့ ကျောက်ဖြူနဲ့ စစ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013