DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကင်မလင်းပင် ဆေးဖက်ဝင်
DVB
·
December 24, 2025
နွေဦးပြည်သူတို့အတွက် ကင်မလင်းပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကင်မလင်းပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

ကင်မလင်းပင်ကို သိပ္ပံလို Antidesma bunius လို့ခေါ်ပြီး အင်္ဂလိပ်လို bignay  ,Currant Tree, Bugnay, Chinese-laurel, Herbert River-cherry, Queensland-cherry, Salamander Tree, Wild Cherry လို့ ခေါ်ကြပါတယ်။ မြန်မာအမည်အားဖြင့်  ကင်မလင်းပင်ကို ပြည့်စင်ပင် လို့လည်း ခေါ်ကြပါတယ်။

ကင်မလင်းပင်မှာ ပရိုတိန်း၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ ဗီတာမင် A,C,E,Thiamine, Riboflavin, Niacin စတဲ့ သတ္တုဓာတ်များနဲ့ tannin, saponin, flavonoid, terpenoid, phenol, coumarin, steroid, phlobatannin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဝမ်းပျော့စေခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကပ်ပါးပိုးဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုး သတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း၊ သွေးတွင်းအဆီကို လျော့ချပေးခြင်း၊ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ကင်မလင်းပင်ရဲ့ အရွက်နဲ့ အသီးတို့ကို သုံးစွဲကြပါတယ်။ ဝမ်းချုပ်ခြင်းအတွက် ကင်မလင်းသီး အသင့်အတင့်ကို စားသုံးပေးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။

သွေးတိုးရောဂါရှိသူများ ကင်မလင်းသီးနဲ့ အရွက်ကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဖြစ်ပွားနိုင်ခြေကို တားဆီးကာကွယ်ပေး နိုင်ပါတယ်။ အစာမစားမီ နာရီဝက်အလိုမှာ ကင်မလင်းရွက်ရေနွေးကြမ်းတခွက် သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ချရာမှာ ကူညီပေးပါတယ်။

ကင်မလင်းရွက်ဟာ သဘာဝ အူမကြီးသန့်စင်ဆေး ဖြစ်တာကြောင့် ကင်မလင်းရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အစာချေဖျက်မှုကိုလည်း မြှင့်တင်ပေးနိုင်တဲ့အပြင်  အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို လျော့ချပေးပါတယ်။

ကင်မလင်းသီး အသင့်အတင့်ကို ပုံမှန်စားသောက်ပေးခြင်းဖြင့်   အသည်းကျန်းမာရေးကို  ကောင်းမွန်စေပါတယ်။

ကင်မလင်းရွက်ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး ခုခံအားစနစ်ကို အားကောင်းစေကာ ရောဂါပိုးကူးစက်မှုကို လျော့နည်းစေပါတယ်။

ကင်မလင်းပင်မှာ mangiferin ဓာတ်ပေါင်းဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကင်မလင်းရွက်၊ ကင်မလင်းသီး အသင့်အတင့်ကို ပုံမှန် စားသောက်ပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်ပြီး အဆစ်ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကင်မလင်းရွက်/သီးတို့မှာ flavonoid,polyphenol,vitamin C နဲ့ anthocyanin စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်တာကြောင့် ဓာတ်ကြွင်းများကို ချေဖျက်ပေးပြီး အရေပြားနဲ့ ခန္ဓာကိုယ်ကို ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကာ အရေပြားယိုယွင်းခြင်း၊ အရေးအကြောင်းများ၊ အစင်းကြောင်းများနဲ့ အိုမင်းရင့်ရော်မှုကို လျော့ချပေးတာကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတဲ့အပြင် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပြီး ဦးရေပြား၏ အခြေအနေကို တိုးတက်ကောင်းမွန်စေကာ ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ 

ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) မှာ ကင်မလင်းရွက် ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးပြီး ပြုတ်ရည်ဖြင့် ဖန်ဆေးပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူများကို ကင်မလင်းရွက် အသင့်အတင့်ကို ပုံမှန် စားသောက်ပေးခြင်းက ဆီးချိုထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။  

သန်ကောင်/တုတ်ကောင်ရောဂါများမှာ အစေ့ကို ထုထောင်းပြီး ကော်ဖီ၁ ဇွန်းခန့်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများမှာ ကင်မလင်းရွက် ပြုတ်ရည် တခါသောက် နွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကင်မလင်းသီး အသင့်အတင့်ကို ပုံမှန်စားသောက်ပေးခြင်းဖြင့် သွေးကြောအတွင်း အန္တရာယ်ရှိတဲ့ သွေးခဲများကို ချေဖျက်ပေးပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်းနဲ့ သွေးလွှတ်ကြောများ /သွေးပြန်ကြောများ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ကင်မလင်းရွက်ဟာ သဘာဝအဆိပ်ဖြေဆေးအာနိသင်ရှိတာကြောင့် ဆေးဝါးလက်လှမ်းမမီတဲ့ ဒေသများမှာ အဆိပ်ရှိသတ္တဝါများ ကိုက်ခံရပါက ကင်မလင်းရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို အခြေအနေပေါ်မူတည်ပြီး ၁ နာရီခြား ၁ ခါ်စီ ၃ ကြိမ်/ ၂ နာရီခြား ၁ ခါ်စီ ၃ ကြိမ်/၃ နာရီခြား ၁ ခါ်စီ ၃ ကြိမ်/ ၄ နာရီခြား ၁ ခါ်စီ ၃ ကြိမ် စသဖြင့် အကြိမ်ရေခြားပြီး ဂရုတစိုက် တိုက်ကျွေးပြုစုပေးရပါမယ်။ အရွက်ကို ထုထောင်းပြီး အုံပေးပြီး ၃ နာရီခြား တခါ လဲလှယ်ပေးရပါမယ်။ ဒီနည်းနဲ့ ဂရုတစိုက်ပြုလုပ်ပေးခြင်းဖြင့် အဆိပ်အာနိသင်ကို လျော့ပါးစေပြီး အသက်အန္တရာယ် ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။

ကင်မလင်းသီးနဲ့ အရွက်တို့ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက် ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ဝမ်းလျှောခြင်း၊ အက်ဆစ်ပြန်တက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ရင်ပူခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ကင်မလင်းသီးနဲ့ ဓါတ်မတည့်သူများမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ရောင်ရမ်းခြင်း၊ အသက်ရှူရ ခက်ခဲခြင်းနဲ့ သို့မဟုတ် လျှာ၊ လည်ချောင်း နဲ့ မျက်နှာများ ရောင်ရမ်းခြင်း စတဲ့လက္ခဏာများ ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်သူများ ကင်မလင်းပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ 

ကင်မလင်းပင်မှာ ကိုယ်ဝန်ကို ဆန့်ကျင်တဲ့အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ ကင်မလင်းပင်ထွက်ပစ္စည်းများကို သုံးစွဲခြင်း မပြုသင့်ပါ။ ကင်မလင်းပင် အခေါက်နဲ့ အမြစ်တွေမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ alkaloid တွေ ပါဝင်တာကြောင့် အခေါက်နဲ့ အမြစ်တွေကို သုံးစွဲခြင်း မပြုသင့်ပါ။

နွေဦးပြည်သူများ ကင်မလင်းပင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013