DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ရောက်ရှိနေသည့် ရန်ကုန်၌ လုံခြုံရေး ပိုမိုတင်းကျပ်
DVB
·
December 23, 2025
စစ်ခေါင်းဆောင် ရောက်ရှိနေသည့် ရန်ကုန်၌ လုံခြုံရေး ပိုမိုတင်းကျပ်
Donate to DVB

ရန်ကုန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေတဲ့အတွက် လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားပြီး ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ တော်လှန်ရေး အင်အားစုတွေဘက်က သတိပေးထားပါတယ်။

စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတွေ တိုးမြှင့်ထားချိန်မှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်ကို ရောက်ရှိနေတဲ့အတွက် လုံခြုံရေးတွေ ပိုမိုတင်းကျပ်နေကြောင်း သိရပါတယ်။

လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲပထမပိုင်းကို ပြုလုပ်မှာဖြစ်လို့ လုံခြုံရေး တိုးမြှင့်ထားသလိုပဲ စစ်ခေါင်းဆောင် ရောက်ရှိနေတဲ့အတွက် လက်ရှိအချိန်ထိ မြို့ထဲနဲ့တဝိုက်မှာ စစ်ကား၊ ရဲကားတွေ အင်အားအများအပြားနဲ့ ကင်းလှည့်တာ လုံခြုံရေးယူထားတာတွေ တွေ့ရကြောင်း ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။

“မြို့ထဲ Downtown တွေမှာ လွန်ခဲ့တဲ့ သုံး လေးရက်လောက်ကတည်းက ဆိုင်ကယ်တွေ လေး ငါးစီးလောက်က တန်းစီပြီး ခရိုင်မှူးဆိုတဲ့ ကားလိုမျိုး မာစတာဂျစ်လိုကားနဲ့  တန်းစီးပြီး ညတိုင်း ကင်းလှည့်နေတာ တွေ့ရတယ်။ ကားထဲ ခရိုင်းမှူး ပါ၊ မပါတော့ မသိဘူး။ အဲဒီလို ကင်းလှည့်နေတာပဲ။ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာနဲ့ လမ်းမတော် မြို့နယ်တွေထဲမှာပေါ့။ ဒါက သီးသန့်ကင်းလှည့်နေတဲ့ပုံစံမျိုး၊ တဖက်မှာ မြို့နယ်က ရဲတွေကလည်း သူတို့ ကင်းလှည့်နေကျ ပုံစံအတိုင်း လှည့်နေတာလည်း တွေ့တယ်။ ရွေးကောက်ပွဲနီးလာလို့ လုံခြုံရေး အင်အားဘက် ပိုလုပ်နေတယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ အရင်ကနဲ့ မတူဘူး။ အခုက တချိန်လုံး စစ်ကားတွေနဲ့ လှည့်နေတာ။ ဒီနေ့မနက်လည်း မင်းအောင်လှိုင် ရန်ကုန် ရောက်တယ်၊ ဝန်ကြီးများရုံးကို လာတယ်လို့လည်း ကြားတယ်။ ပြီးရင် သန်လျင်ရေတပ်စခန်းဘက်လည်း သွားမယ်လို့ ကြားတယ်ဆိုတော့ ဒီအတွက်လည်း လုံခြုံရေး ယူတာလည်း ပါမှာပေါ့။”

Rangoon Scout Network ရဲ့ ဖော်ပြချက်အရကတော့ စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက ရန်ကုန်မှာ ရှိနေပြီး သန်လျက်စွန်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်မဲ့ ရေတပ်နှစ်ပတ်လည်ပွဲကိုလည်း တက်ရောက်မှာဖြစ်လို့ အခုလို လုံခြုံရေး အထူးတင်းကျပ်ထားတာ ဖြစ်ပါတယ်။

လုံခြုံရေးတိုးမြှင့်ထားချိန်မှာပဲ ပြည်သူတွေအနေနဲ့ အသွားအလာဂရုစိုက်ကြဖို့ ရန်ကုန်အခြေစိုက် Owl Community သပိတ်အဖွဲ့ခေါင်းဆောင် ကိုဂန္ဓမာက သတိပေးပါတယ်။

“ရန်ကုန် လုံခြုံရေးက ရွေးကောက်ပွဲနီးလာတာလည်း တခုပါတယ်ပေါ့၊ ပြီးတော့ မနက်ဖန် ၂၄ ရက်နေ့မှာ ရေတပ်မွေးနေ့လိုဟာ ရှိတဲ့အခါကျတော့ ရန်ကုန်မြစ်ကနေ စစ်သင်္ဘောတွေအကုန် အလေးပြုခံဖို့အတွက် မင်းအောင်လှိုင်လည်း ရောက်နေတာပါတယ်။ ဒီအတွက်ကြောင့် လုံခြုံရေးကို အလေးပြုခံမဲ့ နေရာတောက်လျှောက်ကိုရော မြို့တွင်းထဲမှာရော တည်းတဲ့ရိပ်သာတွေရော လုံခြုံရေးတွေ တိုးမြှင့်ထားတာ ရှိတယ်။ ကျနော်တို့ တော်လှန်ရေးသမားတွေက သူတို့လုံခြုံရေး တိုးမြှင့်တာကို စိုးရိမ်စရာမရှိပေမဲ့ ပြည်သူတွေအနေနဲ့ကျ ညဘက်တွေ ထွက်တာတွေ ပေါ်တာဆွဲခံနိုင်တဲ့ အခြေအနေတွေက အများကြီး ရှိနိုင်တယ်။ သူတို့ လုံခြုံရေး တင်းကျပ်ထားတယ်ဆိုတဲ့ အခြေအနေမှာ တော်ရုံအပြင်မထွက်ဖို့ မလိုအပ်ရင်ပေါ့။ ညရေးညတာ အပြင်မထွက်ဖို့နဲ့ သူတို့နဲ့နီးစပ်တဲ့ နေရာတွေကို အတူသွားတာ၊ လာတာတွေ ရှောင်ကြဉ်ကြဖို့ ဒါလေးတခုတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တောင်းဆိုချင်ပါတယ်။”

လုံခြုံရေးတင်းကျပ်ထားတဲ့ကြားထဲ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၂၁ ရက်တွေမှာ မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေကြောင့် လှိုင်၊ ကြည့်မြင်တိုင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013