DVB Logo
Home
မြန်မာသတင်း
CDM ဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
December 23, 2025
CDM ဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆို
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမဒေါ်အေးသီအောင်နဲ့ ခင်ပွန်းတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်စေဖို့အတွက် သေချာစွာ စုံစမ်းစစ်ဆေးပေးဖို့ ဆရာမကြီးနဲ့ နီးစပ်တဲ့ CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဖြစ်တဲ့ CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ပုလောမြို့နယ်၊ ဆားခဲရွာ၊ နေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်မှာ သတ်ဖြတ်ခံခဲ့ရတာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၄ က ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ ၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီ KNU ရဲ့ ထုတ်ပြချက်က မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုရှိနေပြီး စစ်မှန်တဲ့ ကျူးလွန်သူတွေကို မြေပြင်ရှိ မဟာမိတ်အဖွဲ့တွေစုပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်ပေးဖို့ CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ဆရာမကြီးနဲ့ နီးစပ်တဲ့ CDM ဆရာတယောက်က “KNU ရဲ့ ထုတ်ပြန်ချက်က မြေပြင်အခြေအနေနဲ့ မကိုက်ညီဘူး။ ထုတ်ပြန်ချက်ထဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့၊ ညနေက ဆရာမကြီးနေအိမ်မှာ ထမင်းဝင်တောင်းရာ မကျွေးတာကြောင့် ကျူးလွန်သူက ဓားနဲ့ခုတ်သတ်တယ်ဆိုပြီး ဖော်ပြထားတယ်။ အဲဒီအချိန်တုန်းက ဆရာမကြီးက နေအိမ်မှာမရှိဘူး။ ကျနော်တို့နဲ့အတူတူ ပညာရေးအလုပ်တွေ လုပ်နေသေးတယ်။ ဆရာမကြီး အသတ်ခံရတာက ဒီဇင်ဘာ ၁၆ ရက်နေ့၊ မနက် ၁ နာရီမှာ ဖြစ်တာပါ” လို့ ပြောပါတယ်။

ဆရာမကြီးနဲ့ ခင်ပွန်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် သေချာစွာ စုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ထားတဲ့ ပုလောမြို့နယ်ရှိ ပြည်သူ့အခြေပြုမြေပြင်ကျောင်းတွေက စုပေါင်းပေးပို့တဲ့ “ဝမ်းနည်းကြောင်း သဝဏ်လွှာ” မှာလည်း ဆရာမကြီးနဲ့ ခင်ပွန်းဖြစ်သူ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပူးပေါင်းအကောင်အထည်ဖော်ပေးကြဖို့ ထပ်မံတိုက်တွန်းထားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013