DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ ကျားဖြန့်နေရာသစ် ၁၀ ခုထက်မနည်း ပြောင်းရွှေ့လုပ်ကိုင်နေ
DVB
·
December 22, 2025
ကရင်ပြည်နယ်၌ ကျားဖြန့်နေရာသစ် ၁၀ ခုထက်မနည်း ပြောင်းရွှေ့လုပ်ကိုင်နေ
Donate to DVB

နိုင်ငံတကာဖိအားကြောင့် မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က ကျားဖြန့်နှိမ်နင်ရေးဆိုကာ မြဝတီ ရွှေကုက္ကိုနဲ့ KK Park တို့မှာ အဆောက်အအုံတွေကို ဖျက်ဆီးနှိမ်နင်းပြပေမဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ ရွှေ့ပြောင်း လုပ်ကိုင်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အထူးသဖြင့် ဘုရားသုံးဆူ နေရာတချို့မှာ အဆောက်အအုံနဲ့ မြေကွက်တွေ ငှားရမ်းပြီး ကျားဖြန့် အလုပ်တွေကို လည်ပတ် လုပ်ကိုင်နေတာတွေ ရှိနေပါတဲ့အပြင် မြဝတီမြို့နယ် ဖလူးကျေးရွာ အနီးမှာလည်း အဆောက်အအုံသစ်တွေကို ၁၀ ခုထက်မနည်း တည်ဆောက်နေပြီး DKBA နဲ့ BGF တို့က လုံခြုံရေး ယူပေးနေတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က “တဘက်မှာ ဖျက်ဆီးတာ လုပ်ပေမဲ့ တဘက်မှာ ဆောက်တာတွေ ရွှေ့တာ၊ ပြောင်းတာတွေ သူတို့ ကိုယ်တိုင်ပဲ ပြန်လုပ်တာတွေကို ကျနော်တို့ မျက်မြင်သက်သေ အထောက်အထားတွေနဲ့ ပြောနေတာ ဖြစ်ပါတယ်။ ဒါက စစ်တပ်ကလည်း သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် အကျိုးရှိဖို့အတွက် စစ်တပ်အတွက်ရော၊ နိုင်ငံတကာပြဖို့အတွက်ရော ဒါတွေကို တိုက်ဖျက်နေပါတယ်ဆိုပြီး တကယ်တမ်းက တိုက်ဖျက်နေတာ မဟုတ်ဘူး။ သူတို့တွေက ဒီမှာရှိတဲ့ အထောက်အထားတွေကို ဖျက်လို့ ဖျက်ဆီးလုပ်ပြီး သူတို့တွေ ကိုယ်တိုင်က ကျားဖြန့်ဂိုဏ်းတွေကို နေရာ ရွှေ့ပြောင်းပြီး သူတို့တွေကို လုံခြုံရေးပေးနေတယ်ဆိုတာ အားလုံး သိထားပြီးဖြစ်တယ်”လို့ ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ရွှေကုက္ကိုမြို့သစ်၊ KK Park၊ မင်းလက်ပံရွာစတဲ့ ကျားဖြန့်နေရာတွေကို နိုင်ငံတကာက အာရုံစိုက်လာပြီးတဲ့နောက် မြန်မာ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ BGF တွေက ကျားဖြန့်တွေကို စီးနင်းတာ၊ အဆောက်အအုံ တွေကို ဖောက်ခွဲ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တဖက်မှာလည်း ကျားဖြန့်တွေကို မြေနေရာတွေ ငှားရမ်း လုပ်ကိုင်ခွင့်ပြုတဲ့ စစ်တပ်လက်အောက်ခံ BGF နဲ့ DKBA အကြီးအကဲတွေကို အရေးယူခြင်း မရှိတာ၊ ကျားဖြန့် ခေါင်းဆောင်တွေကို နေရာ ရွှေ့ပြောင်းနေတာတွေက ကျားဖြန့် နှိမ်နင်းတာ မဟုတ်ဘဲ ပိုတိုးပွားလာစေတာလို့ ထိုင်း-မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးသူတယောက်က ပြောပါတယ်။

“တကယ်တမ်းကတော့ BGF တို့၊ DKBA တို့ဆိုတာ စစ်တပ်ရဲ့ လက်အောက်ခံတွေပဲ။ အခုချိန်ထိ ရွှေကုက္ကိုတို့၊ KK Park တို့ ဒီတိုက်တွေကို ဖျက်လိုဖျက်ဆီး လုပ်ပြီး အခုချိန်ထိ DKBA၊ BGF တို့က ပါဝင် ပတ်သက်တဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ အရေးယူတာ လုံးဝ မရှိတဲ့အပြင် ဒီလူတွေကပဲ တရုတ်ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေကို တရုတ်ကျားဖြန့် သူဌေးတွေကို သူတို့ကိုယ်တိုင် လုံခြုံရေး ယူပေးပြီး နေရာ ရွှေ့ပေးနေတယ်ဆိုတာ ကျနော်တို့ မြေပြင်သတင်းကနေ သိရတယ်။ ရွှေကုက္ကိုလ်ကနေ KK Park၊ KK Park ကနေ ကျောက်ခက်၊ ကျောက်ခက်ကနေ ဝေါလေ၊ ဝေါလေကနေ အခု ဘုရားသုံးဆူဘက်အထိကို သူတို့က ရွှေ့ပြောင်းလာတာတွေ တွေ့ရတယ်။ ရန်ကုန်၊ မန္တလေးလို နေရာတွေမှာလည်း ကျားဖြန့်တွေ ဝင်လာတာ တွေ့ရတယ်။”

လက်ရှိ ကရင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ ကျားဖြန့် နေရာသစ်တွေ ၁၀ ခုထက် မနည်း တည်ဆောက်နေပြီး၊ စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက တရုတ်လူမျိုးတွေနဲ့ နိုင်ငံခြားသားတွေကို သယ်ယူ ပို့ဆောင်တာ၊ အဆောက်အအုံ တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ သယ်ခွင့်ပေးတာတွေ လုပ်ဆောင်နေပါတယ်။

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကျားဖြန့်တွေကို အပြီးသတ် ချေမှုန်းမယ်လို့  ကျားဖြန့်နှိမ်နင်ရေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ ကျားဖြန့်လုပ်ငန်းတွေဟာ ကရင်ပြည်နဲ့ နယ်စပ်မြို့တွေအပြင် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာလည်း လုပ်ကိုင်နေကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013