
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်တာ အပါအဝင် ကရင်နီပြည်နယ်က လူငယ်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကရင်နီပြည်အတွက် အကောင်အထည်ဖော်ရမဲ့ ဘုံသဘောတူညီမှုတွေ ချမှတ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကရင်နီပြည်လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်ခဲ့ပြီး လူငယ်ထုကိုယ်စားလှယ် အမျိုးသား ၆၂ ယောက်၊ အမျိုးသမီး ၄၄ ယောက်၊ LGBT ၂ ယောက်၊ စုစုပေါင်း ၁၀၈ ယောက် ပါဝင်တက်ရောက်ခဲ့ပါတယ်။
ကရင်နီပြည်လူငယ်ထုအင်အားစုကိုယ်စားလှယ် ခွန်းသောမတ်စ်က “သဘောတူညီချက်တွေ လုပ်ဖို့အတွက် လူငယ်တွေ ပြောဆိုခွင့်ရှိတဲ့နေရာ တိုက်တွန်းခွင့်ရှိတဲ့ နေရာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့ ကြိုးစားနေကြတာတော့ တခုတည်းတပ်ဖြစ်ရေးကိစ္စ၊ တခုတည်း အစိုးရဖြစ်ရေး ကိစ္စတွေ ပေါ်ပေါက်လာနိုင်ဖို့အတွက် လူငယ်ထုတွေလည်း ကျရာတာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိတယ်ဆိုတာ ပြောလိုပါတယ်” လို့ ပြောပါတယ်။
ဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ၅ ခုကိုလည်း ရရှိခဲ့ပြီး အဲဒါတွေကတော့ ကရင်နီပြည် ပြည်နယ်တပ် တတပ်တည်းဖြစ်ရေးကို သဘောတူပြီး သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေက ပြည်နယ်တပ် တခုတည်းဖြစ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ အစိုးရတရပ်တည်း ဖြစ်ရေးကို သဘောတူလက်ခံပြီး ပြည်နယ်တွင်းအစုအဖွဲ့တွေက အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစတဲ့ မဏ္ဍိုင်အသီးသီးမှာ လူငယ်တွေ ပါဝင်ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းကို အထူးအစီအမံအဖြစ် ထားရှိဖို့၊ စစ်တပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်တာ၊ အတုအယောင် ရွေးကောက်ပွဲကို ကရင်နီလူငယ်ထုအနေနဲ့ ကန့်ကွက်ရှုတ်ချပြီး လူထုက ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ခွန်းသောမတ်စ်က “စကမ က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ပြိုင်တဲ့ ကိုယ်စားလှယ်တွေကို လူထုတွေအနေနဲ့ ကရင်နီအမျိုးသားသစ္စာဖောက်လို့ တညီတညွတ်တည်း လူငယ်ထုတွေက သတ်မှတ် ကြေညာလိုက်တာပေါ့။ စစ်ကော်မရှင်ကို ဘုံရန်သူလို့ သတ်မှတ် တော်လှန်နေတဲ့အပေါ်မှာ စစ်ဒေါက်တိုင်လို အားပေးနေတဲ့ မည်သည့်လူပုဂ္ဂိုလ်မဆို လူထုရဲ့ရန်သူ၊ သစ္စာဖောက်လို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်” လို့ ဆက်ပြောပါတယ်။
လူငယ်တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC၊ ကရင်နီပြည် လူငယ်ရေးရာ ကော်မတီကိုယ်စားလှယ်တွေ၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ လူငယ်ရေးရာဌာန DoYA ကိုယ်စားလှယ်တွေ၊ ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY ကိုယ်စားလှယ်တွေ၊ ကျောင်းသားလူငယ် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ကရင်နီပြည်တွင်း ဌာနေတိုင်းရင်းသားလူမျိုးစု လူငယ်အသီးသီး ၁၀၈ ယောက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ အကြံပြုချက်တွေ၊ ရပ်တည်ချက်တွေ ဖော်ထုတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။








