DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်က တိုက်ပွဲဖြစ်နေသည့်နေရာများကို မလိုအပ်ဘဲ ခရီးမသွားရန် KNDF သတိပေး
DVB
·
October 7, 2025
ကရင်နီပြည်နယ်က တိုက်ပွဲဖြစ်နေသည့်နေရာများကို မလိုအပ်ဘဲ ခရီးမသွားရန် KNDF သတိပေး
Donate to DVB

ကရင်နီပြည်နယ်ထဲက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က အသိပေး ထုတ်ပြန်ထားပါတယ်။

လတ်တလော တိုက်ပွဲတွေဖြစ်နေတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆိုမြို့နယ်ဘက်တွေနဲ့ ကရင်နီ-ရှမ်းတောင် နယ်စပ်ဖြစ်တဲ့ ဖယ်ခုံဘက်ခြမ်းတွေမှာ လေကြောင်းရန် ဒရုန်းတိုက်ခိုက်မှုတွေ အပြင် လက်နက်ကြီးဒဏ်တွေကြောင့် စစ်ရေးသတိရှိဖို့နဲ့ မလိုအပ်ဘဲ စစ်ဖြစ်နေတဲ့ ဒေသဘက်တွေကို ပြည်သူတွေအနေနဲ့ ခရီးသွားခြင်းမပြုလုပ်ဖို့ KNDF က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

လတ်တလော ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ယာဥ်တန်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စစ်ကားတစီး ပျက်စီးခဲ့ပြီး အရာရှိလို့ ယူဆရတဲ့ စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ရာထူးအဆင့်ကို ဖော်ပြထားခြင်း မရှိပါဘူး။

အဲဒီနောက် ဖရူဆို အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကနေ စစ်ကောင်စီစစ်ကြောင်း ‌ဘောလခဲဘက်ကို ဦးတည်လာတာကြောင့် တိုက်ပွဲတွေ ကြိုးကြားဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးရင်းမြစ်က “ဘောလခဲကနေ သူတို့ (စစ်တပ်) မယ်စဲ့အထိ ဆက်လုပ်ဖို့ ဒီ ဒီဇင်ဘာမတိုင်ခင် ဖားဆောင်းရယ်၊ မယ်စဲ့ရယ် သူတို့ ပြန်ယူမယ့်သဘောရှိတယ်။ အူခူးရီရွာနဲ့ ခေါက်ပလော့ရွာ ကြားမှာလည်း စခန်းတွေ အခိုင်အမာ ချထားတာတွေ တွေ့နေရတယ်။ အဲ့လို စစ်ရေးပြင်ဆင်မှုတွေ တွေ့နေရတယ်” လို့ ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာဘက်မှာလည်း စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တွေ တပ်ဖြန့်ထားပြီး အနီးနားက ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်နေသလို မိုးဗြဲမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့ပြင်ထွက်ဖို့ ကြိုးစားနေတဲ့အတွက် တိုက်ပွဲ ထိတွေ့မှုတွေက နေ့စဥ်ရှိနေပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အောက်တိုဘာ ၃ ရက်နေ့မှာ အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာတွေကို လက်ရှိ စစ်ကြောင်းဝင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး နန်းမယ်ခုံဘက်ကနေလည်း စစ်ကြောင်းတကြောင်း ထပ်ဆင်းလာနိုင်တဲ့အတွက် တိုက်ပွဲကို စောင့်ကြည့်နေရတယ်လို့ ဒီးမော့ဆိုမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“နန်းမယ်ခုံဘက်မှာလည်း သူတို့ (စစ်တပ်) စစ်ကြောင်းထိုးဖို့ ပြင်နေတယ်။ ရေကျတာနဲ့ ဝင်မယ်ထင်တယ်။ ကင်းပုန်းတောင်မှ ရုတ်ရုတ်ရုတ်ရုတ် လုပ်နေပြီတဲ့။ ဒီသုံးရက်မှာ အဲလိုမျိုးလည်း သိနေရတယ်။ အဲ့တော့ နန်းမယ်ခုံတကြော မိုးဗြဲအထိ ဒီလမ်းမကြီးအတိုင်း အဓိက အရင်ယူမယ်ထင်တယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း လွိုင်လင်လေးဒေသထဲက လင်ဖုံကြီးကျေးရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲ ၃ ရက် အပြင်းအထန်ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် အရပ်သားတယောက် ဒဏ်ရာရခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013